ဗီယက်နမ်နိုင်ငံသည် ၂၀၂၅ ခုနှစ် ၉ လအတွင်း နိုင်ငံတကာခရီးသွားဧည့်သည်ပေါင်း ၁၅.၄ သန်း ကျော်ကို ကြိုဆိုခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၂၁.၅ ရာခိုင်နှုန်းတိုးလာခဲ့ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်ရှိ အမျိုးသားစာရင်းအင်းရုံး၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။
စက်တင်ဘာလတစ်လတည်းတွင် ဗီယက်နမ်နိုင်ငံသို့ နိုင်ငံခြားခရီးသွားဧည့်သည် ၁.၅ သန်းလာရောက်ခဲ့ပြီး ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၁၉.၅ ရာခိုင် နှုန်းတိုးမြှင့်လာကြောင်း၊ လေကြောင်းဖြင့် ခရီးသွားလာမှုမှ လာရောက်သူ ၈၄.၅ ရာခိုင်နှုန်း၊ ကုန်းလမ်းမှ လာရောက်သူ ၁၅.၃ ရာခိုင်နှုန်းနှင့် ပင်လယ်ရေလမ်းကြောင်းမှ လာရောက်သူ ၀.၂ ရာခိုင်နှုန်းရှိကြောင်း ရေးသားဖော်ပြထားပါသည်။
တရုတ်နှင့် ကိုရီးယားသမ္မတနိုင်ငံတို့သည် ဗီယက်နမ်နိုင်ငံ၏ အကြီးဆုံးရင်းမြစ်ဈေးကွက်နှစ်ခုအဖြစ် ဆက်လက်တည်ရှိနေကြောင်း၊ တရုတ်နိုင်ငံမှ ဗီယက်နမ်နိုင်ငံသို့ ခရီးသွားဧည့်သည် ၃.၉ သန်းလာရောက်ခဲ့ပြီး တောင်ကိုရီးယားမှ ၃.၂ သန်းခန့်လာရောက်ခဲ့ကြောင်း၊ အဆိုပါနှစ်နိုင်ငံပေါင်းမှ ခရီးသွားဧည့်သည်များသည် နိုင်ငံတကာခရီးသွားဧည့်သည်အားလုံး၏ ထက်ဝက်နီးပါးရှိကြောင်း ရေးသားဖော်ပြ ထားပါသည်။ အခြားအဓိကဈေးကွက်များတွင် ထိုင်ဝမ်(တရုတ်)၊ အမေရိကန်၊ ဂျပန်နှင့် အိန္ဒိယတို့ပါဝင်ကြောင်း သိရှိရပါသည်။
၉ လတာကာလအတွင်း ဟိုတယ်နှင့် အစားအသောက်ဝန်ဆောင်မှုမှ ရရှိသည့်ဝင်ငွေမှာ ဗီယက်နမ်ဒေါင် ၆၂၄.၄ ထရီလီယံ(အမေရိကန်ဒေါ်လာ ၂၃.၆၈ ဘီလီယံ) ရှိကြောင်း သိရှိရပါသည်။ ခရီးသွားအေဂျင်စီများမှာ ဗီယက်နမ်ဒေါင် ၆၉.၆ ထရီလီယံ(အမေရိကန်ဒေါ်လာ ၂.၆၂ ဘီလီယံ)နီးပါးရရှိကြောင်း ဖော်ပြထားပါသည်။
Source: VN Economy
(ဝင့်နန္ဒာကျော်ကျော်၊ စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)