အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့် စတီးလ်တင်သွင်းမှုပြုသည့်ခွဲတမ်းကို ထက်ဝက်နီးပါးလျှော့ချမည့်ဥရောပသမဂ္ဂ၏အစီအစဉ်သည် တောင်ကိုရီးယားနိုင်ငံ၏ စတီးလ်တင်ပို့မှုကို ထိခိုက်စေနိုင်သည်ဟု ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာနက ၈-၁၀-၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားပါသည်။
ဥရောပသမဂ္ဂဈေးကွက်သည် တောင်ကိုရီးယားနိုင်ငံ၏ စတီးလ်ပို့ကုန်များအတွက် ဒုတိယမြောက်အကြီးဆုံးပို့ကုန်ဈေးကွက်ကြီးဖြစ်ပါသည်။ သို့ဖြစ်၍ သတ်မှတ်ခွဲတမ်းထက် ပိုမိုတင်သွင်းလာသည့် စတီးလ်ကုန်စည်များအပေါ် စည်းကြပ်ခွန် ၅၀ ရာခိုင်နှုန်းကောက်ခံရန် စီစဉ်နေမှုကို အမှန်တကယ်အကောင်အထည်ဖော်ပါက တောင်ကိုရီးယားနိုင်ငံအပေါ် များစွာထိခိုက်စေမည်ဖြစ်ပါကြောင်း အစီရင်ခံစာတွင် ဖော်ပြထားပါသည်။
ဥရောပသမဂ္ဂက ယခုကဲ့သို့စီစဉ်ဆောင်ရွက်ခြင်းသည် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ စတီးလ်လုပ်ငန်းရှင်များကို ကာကွယ်ပေးရန်ဖြစ်ပါသည်။သို့သော် ဥရောပသမဂ္ဂနှင့်လွတ်လပ်သော ကုန်သွယ်မှု သဘော တူညီချက်(Free Trade Agreement-FTA)ကို လက်မှတ်ရေးထိုးချုပ်ဆိုပြီးသည့် နိုင်ငံများအတွက် ခွဲတမ်းသတ်မှတ်မှုကို စဉ်းစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည့်အတွက် တောင်ကိုရီးယားနိုင်ငံအနေဖြင့် နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးညှိနှိုင်းမှုများဖြင့် နိုင်ငံ၏အကျိုး စီးပွားနစ်နာမှုမရှိစေရေး အစွမ်းကုန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တောင်ကိုရီးယားနိုင်ငံ၏ ထိပ်တန်းကုန်သွယ်ရေး ကိုယ်စားလှယ် Mr. Yeo Han-koo သည် ဥရောပသမဂ္ဂကော်မရှင်၏ ကုန်သွယ်ရေးနှင့် စီးပွားရေးလုံခြုံ စိတ်ချရမှုဆိုင်ရာတာဝန်ရှိသူ Mr.Maroš Šefčovič နှင့် မကြာမီရက်များအတွင်း တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားပါသည်။
အမေရိကန်ပြည်ထောင်စုက ချမှတ်လိုက်သောစည်းကြပ်ခွန်(၅၀ ရာခိုင် နှုန်း)အကျိုးဆက်ကြောင့် တောင်ကိုရီးယားနိုင်ငံ၏ စတီးလ်တင်ပို့မှု သည် ၅ လဆက်တိုက်ကျဆင်းခဲ့ပြီး ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလတွင် စတီးလ်တင်ပို့မှု ၄.၂ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားပါသည်။
Source: Korea Times
(ပပ၊ စီးပွားရေးသံမှူး၊ ဆိုးလ်မြို့)