ထိုင်းနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ နိုင်ငံတကာကုန်သွယ်မှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Ms. Arada Fuengthong ၏ထုတ်ပြန်ချက်အရ ထိုင်းပီလောပီနံ(Cassava/ Tapioca Starch)တင်ပို့မှုကို အလားအလာရှိသော စျေးကွက်များသို့တိုးချဲ့ရန်နှင့် စျေးကွက်စုံလင်ကွဲပြားစေရန်(Market Diversification)အတွက် အစိုးရနှင့် ပညာရှင်အဖွဲ့သည် ၂၀၂၆ ခုနှစ် ဇူလိုင် ၁၅ ရက်မှ ၁၇ ရက်အထိ အမေရိကန်ပြည်ထောင်စု၊ အီလီနွိုင်းပြည်နယ်၊ ချီကာဂိုမြို့သို့ သွားရောက်လျက်ရှိကြောင်းသိရသည်။ ယခုခရီးစဉ်သည် ဒုတိယဝန်ကြီးချုပ်နှင့် စီးပွားကူးသန်းဝန်ကြီး Ms. Supajee Suthamphan ၏မူဝါဒလမ်းညွှန်ချက်အရ မြောက်အမေရိကဒေသ၏ တန်ဖိုးမြင့်စက်မှုလုပ်ငန်းကွင်းဆက်(High-value Industrial Chain)အတွင်းသို့ ထိုင်းပီလောပီနံမှုန့် ပိုမိုစီးဝင်လာစေရန်နှင့် ထောက်ပံ့မှုကွင်းဆက်တည်ငြိမ်မှုကို ယုံကြည်မှုတည်ဆောက်ရန် ရည်ရွယ်ခြင်းဖြစ် သည်။
နိုင်ငံတကာကုန်သွယ်မှုဦးစီးဌာနသည် ၂၀၂၆ ခုနှစ်အတွင်း ထိုင်းပီလောပီနံမှုန့်အား ကမ္ဘာ့ခေတ်ရေစီးကြောင်းနှင့်ကိုက်ညီသော မျိုးရိုးဗီဇပြုပြင်မထားသည့်အပြင် ဂျုံစေးဓာတ်မပါဝင်သော(Non-GMO နှင့် Gluten-Free)ပရီမီယံအရည်အသွေးမြင့် ကုန်ကြမ်းအဖြစ် အမေရိကန်စားသောက်ကုန်နှင့်အဖျော်ယမကာကဏ္ဍ(Food and Beverage Sector)သို့ထိုးဖောက်ရန် ဗျူဟာမြောက်ဦးတည်ထားသည်။ ထို့ပြင် ထိုင်းပီလောပီနံမှုန့်သည် အမေရိကန်၏ Section 301 စည်းမျဉ်းများ၏ Annex A အောက်တွင် အခွန်ကင်းလွတ်ခွင့်(Tariff Exemption)ရရှိထားသည့် အားသာချက်ရှိသောကြောင့် အမေရိကန်ကုန်ထုတ်လုပ်မှုလုပ်ငန်းများအတွက် အဓိကကုန်ကြမ်းဖြစ်လာရန် အလားအလာအလွန်ကောင်းမွန်နေသည်။ ယခုခရီးစဉ်အတွင်း ထိုင်းစီးပွားကူးသန်းကိုယ်စားလှယ်အဖွဲ့သည် အီလီနွိုင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်ပိုရေးရှင်း(Illinois EDC)၊ ချီကာဂိုဒေသစားသောက်ကုန်နှင့် အဖျော်ယမကာကွန်ရက်(CFBN)စသည့် အမေရိကန်အလယ်ပိုင်းစီးပွားရေးကို မောင်းနှင်နေသော အဖွဲ့အစည်းကြီးများနှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ပြီး၊ ထိုင်းနိုင်ငံသည် အမေရိကန်စျေးကွက်အတွက် တည်ငြိမ်ပြီး စိတ်ချရသော ကုန်ကြမ်းထောက်ပံ့ရာအရင်းအမြစ် (Stable Source)ဖြစ်ကြောင်း ယုံကြည်မှုမြှင့်တင်ပေးမည်ဖြစ်သည်။
ထိုင်းပီလောပီနံမှုန့်သည် နိုင်ငံတကာစံနှုန်းမီခြင်း၊ Clean Label(သဘာဝအတိုင်း သန့်စင်သောထုတ်ကုန်)ခေတ်ရေစီးကြောင်းနှင့်ကိုက်ညီခြင်းတို့ကြောင့် ယခုကဲ့သို့အမေရိကန်အစိုးရစီးပွားရေးအေဂျင်စီများ၊ ဒေသဆိုင်ရာအသင်းအဖွဲ့များနှင့် သွင်းကုန်လုပ်ငန်းရှင်ကြီးများနှင့် တိုက်ရိုက်ဆွေးနွေးခြင်းသည် ထိုင်းပီလောပီနံလုပ်ငန်း၏ ရေရှည်ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်မည်ဟု ညွှန်ကြားရေးမှူးချုပ်က ဆိုသည်။ အစိုးရအနေဖြင့် ယခုကဲ့သို့မြောက်အမေရိကစျေးကွက်သို့ ကုန်သွယ် ရေးလမ်းကြောင်းသစ်များချဲ့ထွင်ပေးခြင်းဖြင့် ထိုင်းလုပ်ငန်းရှင်များအတွက် ပို့ကုန်အခွင့်အလမ်းများ ပိုမိုရရှိစေမည့်အပြင်၊ ပြည်ပပို့ကုန်တွင် စျေးကွက်တစ်ခုတည်းအပေါ်၌သာ မှီခိုနေရသည့် Structural Risks(မဟာဗျူဟာမြောက်အန္တရာယ်များ) ကိုလျှော့ချကာ ကမ္ဘာ့ကုန်သွယ်ရေးစင်မြင့်တွင် ထိုင်းထုတ်ကုန်များ၏ ယှဉ်ပြိုင်နိုင်စွမ်းကို ဘက်စုံမြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း သုံးသပ်ရေးသားထားကြောင်း သိရှိရပါသည်။
ကိုးကား Ministry of Commerce, Thailand
(ရည်မွန်လှိုင်၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)