International News

အီရန်အရေးကြောင့် ရေနံနှင့် လောင်စာဆီဈေးနှုန်းများ၏ အခြေအနေ

Last Updated:

အမေရိကန်နိုင်ငံက အီရန်နိုင်ငံ၏ရေနံတင်သင်္ဘောများကို ဟော်မုဇ်ရေလက်ကြား(Strait of Hormuz)အား ဖြတ်သန်းခွင့်ပြုခဲ့ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးစကော့ဘတ်ဆင့်က ၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ ရက်တွင် ပြောကြားခဲ့ကြောင်း CNBC သတင်း၌ ဖော်ပြခဲ့ပါသည်။ ကမ္ဘာ့နိုင်ငံများသို့ ရေနံများဖြန့်ဖြူးနိုင်ရန်  အီရန်ရေနံတင်သင်္ဘောများကို ဟော်မုဇ်ရေလက်ကြားမှ ဖြတ်သန်းထွက်ခွာခွင့်ပြုခဲ့ကြောင်း၊ အီရန်နိုင်ငံက ပါရှန်ပင်လယ်ကွေ့၌ ကုန်တင်သင်္ဘောများကို တိုက်ခိုက်ခဲ့မှုကြောင့် ရေနံတင်သင်္ဘောများသည် ဟော်မုဇ်ရေလက်ကြားမှ မထွက်ခွာနိုင်ဘဲရှိကြောင်း၊ သို့ရာတွင် အီရန်နိုင်ငံမှ ရေနံတင်သင်္ဘောများသည် ရေနံစည်သန်းပေါင်းများစွာကို အဆိုပါရေလက်ကြားမှဖြတ်သန်းတင်ပို့ လျက်ရှိပြီး တစ်ရက်လျှင် ရေနံစည်ပေါင်း(၁.၅)သန်းအထိတင်ပို့ခဲ့ကြောင်း၊ ဘဏ္ဍာရေးဝန်ကြီးက “အမေရိကန်ရေတပ်နှင့် မဟာမိတ်နိုင်ငံများမှ ကုန်တင်သင်္ဘောများကို ဟော်မုဇ်ရေလက်ကြား၌ လိုက်ပါစောင့်ကြပ်ခြင်းမပြုမီကပင်ရေနံတင်သင်္ဘောများဖြတ်သန်းမှုတိုးတက်လျက်ရှိကြောင်း၊ အိန္ဒိယနိုင်ငံသို့ ရေနံတင်ပို့သည့်သင်္ဘောများသည် ဟော်မုဇ်ရေလက်ကြား၌ခေတ္တရပ်နားလျက်ရှိပြီး တရုတ်ရေနံတင် သင်္ဘောများသည် ပင်လယ်ကွေ့မှ ဖြတ်သန်းထွက်ခွာသွားပြီဖြစ် သည်”ဟု ပြောကြားခဲ့ကြောင်း၊ အိန္ဒိယနိုင်ငံအနေဖြင့် ရေနံစိမ်းနှင့်သဘာဝဓာတ်ငွေ့တင်ဆောင်လာသည့်သင်္ဘော(၂၂)စီးနှင့်ပတ်သက်၍ အီရန်နိုင်ငံထံမှ အတည်ပြုချက်ရရှိရန် စောင့်ဆိုင်းလျက်ရှိကြောင်းသိရှိရပြီး ဘဏ္ဍာရေးဝန်ကြီးက စစ်ပွဲရပ်တန့်မည့်အချိန်ကို ၎င်းအနေဖြင့် မသိရှိသော်လည်း စစ်ပွဲပြီးနောက်ပိုင်းတွင် ကမ္ဘာတစ်ဝှမ်းပိုမိုလုံခြုံ၍ လောင်စာဆီဈေးနှုန်းသည် တစ်စည်လျှင် အမေရိကန်ဒေါ်လာ(၈၀) အောက် ကျဆင်းနိုင်သည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ထို့အပြင် လောင်စာဆီဈေးနှုန်းများ မြင့်တက်ခြင်းကို လျှော့ချရန် အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ဝင်ရောက်ဆောင်ရွက်မည့်ကိစ္စရပ်နှင့်ပတ်သက်၍ ဘဏ္ဍာရေးဝန်ကြီးက အမေရိကန်အစိုးရအနေဖြင့် ငွေကြေးဈေးကွက်အပေါ် ဝင်ရောက်စွက်ဖက်ခြင်းပြုမည်မဟုတ်ကြောင်းနှင့် ယင်းသို့ဆောင်ရွက်ရန် အခွင့်အာဏာမရှိဟုလည်း ပြောကြားခဲ့ကြောင်း၊ စွမ်းအင်ကဏ္ဍ၌ အကျပ်အတည်းများ ကြုံတွေ့ရပါက အမေရိကန်သမ္မတအနေဖြင့် မဟာဗျူဟာမြောက်ရေနံအရန်လျာထား ချက်(Strategic Petroleum Reserve, SPR)ကိုထုတ်ပေးခြင်း ဆောင်ရွက်နိုင်ကြောင်း၊ သို့ရာတွင် ယင်းသို့ဆောင်ရွက် ခြင်းသည် လောင်စာဆီ ရှားပါးခြင်းအပေါ် သက်ရောက်ခြင်းထက် ဘဏ္ဍာရေးဈေးကွက်အပေါ် ပိုမို သက်ရောက်မှုရှိနိုင်ကြောင်းဖြင့် သိရှိရပါသည်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဟော်မုဇ်ရေလက်ကြားရှိရေနံတင် သင်္ဘောများကို ကာကွယ်ရာတွင် မဟာမိတ်နိုင်ငံများအား ကူညီရန်ဖိအားပေးခဲ့ပြီးနောက် လောင်စာဆီဈေးနှုန်းများသည် တည်ငြိမ်ခဲ့ပြီး ၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ ရက်၊ နံနက်ပိုင်းတွင် Brent ရေနံဈေးနှုန်းသည် တစ်စည်လျှင် အမေရိကန်ဒေါ်လာ(၁၀၂)နှင့် အမေရိကန်နိုင်ငံ၏ West Texas Intermediate (WTI)ဈေးနှုန်းသည် (၉၅)ဒေါ်လာခန့်ရှိခဲ့ပါသည်။

Source: CNBC

(ခင်ဆွေဦး၊ စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)

Category: International News