ထိုင်းနှင့် အမေရိကန်တို့ကြား သဘောတူညီချက်အရ သွင်းကုန်အကောက်ခွန်ကို ဖယ်ရှား၍ လက်ရှိ တစ်နှစ်လျှင် ဆန်တန်ချိန် ၅၄, ၇၀၀ မှ တန်ချိန် ၁ သန်းအထိ တိရစ္ဆာန်အစာပြောင်းတင်သွင်းခွင့် ခွဲတမ်းကို ထိုင်းနိုင်ငံအစိုးရအဖွဲ့က အတည်ပြုခဲ့ကြောင်း ဗန်ကောက်ပို့စ်သတင်းစာတွင် “Huge uptick in feed corn imports” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။
ကုန်သွယ်ရေးသဘောတူညီချက်အရ တိရစ္ဆာန်အစာပြောင်း သွင်းကုန်ခွဲတမ်းကို ၂၀၂၆ ခုနှစ်တွင် တိုးမြှင့်ရန် အစိုးရအဖွဲ့မှ သဘောတူညီခဲ့ကြောင်း၊ ပြည်တွင်းပြောင်းစိုက်တောင်သူများ ထိခိုက်နစ်နာမှု မဖြစ်စေရန် အဆိုပါသွင်းကုန်များကို ပြည်တွင်းရိတ်သိမ်းပြောင်းများ ဈေးကွက်အတွင်းသို့ မဝင်ရောက်မီ ၂ လအကြိုဖြစ်သော နှစ်စဉ် ဖေဖော်ဝါရီ ၁ ရက်မှ ဇွန်လ ၃၀ ရက်အထိ တင်သွင်းရမည်ဖြစ်ကြောင်း၊ ထို့အပြင် ပြောင်းဈေးနှုန်းများတည်ငြိမ်စေရန်အတွက် တင်သွင်းသူများသည် အဆိုပါခွဲတမ်းကို အသုံးပြု၍ တင်သွင်းသည့် အပိုင်းတစ်ခုချင်းစီတိုင်းအတွက် ပြည်တွင်းထုတ်ပြောင်းသုံးပိုင်းကို ပြန်လည်ဝယ်ယူရမည်ဖြစ် ကြောင်း၊ ထို့အပြင် တောင်သူများ စျေးကွက်သို့ ပြောင်းတင်ပို့ရောင်းချမှု နှောင့်နှေးစေရန်အတွက် အစိုးရမှ ချေးငွေအစီအမံများကို အတည်ပြုခဲ့ကြောင်း အစိုးရအဖွဲ့အပတ်စဉ်အစည်းအဝေးအပြီးတွင် အစိုးရပြောရေး ဆိုခွင့်ရှိသူ Siripong Angkasakulkiat က ပြောကြားခဲ့ပါသည်။
မွေးမြူရေးနှင့် တိရစ္ဆာန်အစာလုပ်ငန်းအတွက် လုံလောက်သော ကုန်ကြမ်းသေချာစေရန် အစားအသောက်မူဝါဒကော်မတီမှ အဆိုပြုထားသည့် ၂၀၂၆-၂၀၂၈ခုနှစ်အတွက် တိရစ္ဆာန်အစာကုန်ကြမ်းတင်သွင်း မှုအစီအမံကိုလည်း အစိုးရအဖွဲ့မှ အတည်ပြုခဲ့ကြောင်း၊ ထိုင်းနိုင်ငံ၌ ပဲပုပ်အစာနှင့် ငါးအစာထုတ်လုပ်မှုသည် ပြည်တွင်းလိုအပ်ချက်တွင် မလုံလောက်သေးပါကြောင်း၊ တိရစ္ဆာန်အစာကုန်ကြမ်းဖြစ်သော ပဲပုပ်အစာကို သုံးနှစ်ကာလ(၂၀၂၆-၂၀၂၈)ဝယ်ယူရန်လည်း ခွင့်ပြုခဲ့ကြောင်း၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏စည်းမျဉ်းအရ သွင်းကုန်ခွန်နှုန်းမှာ ၂ % ဖြစ်ပြီး အာဆီယံလွတ်လပ်သော ကုန်သွယ်မှုနယ်မြေစာချုပ်အရ သုညရာခိုင်နှုန်းနှင့် သဘောတူညီချက်မဟုတ်သော နိုင်ငံများအတွက် နှုန်းထားမှာ ၆% ဖြစ်ကြောင်း၊ သွင်းကုန်အခကြေးငွေမှာ ၁ တန်လျှင် ၂,၅၁၉ ဘတ်ဖြစ်ပြီး Thai Feed Mill Association နှင့် Poultry and Swine Raisers Association ကဲ့သို့သော သွင်းကုန်လုပ်ငန်းရှင် ၁၁ ဦးကို တင်သွင်းခွင့်ပြုထားပါကြောင်း အစိုးရ၏ဒုတိယပြောရေးဆိုခွင့်ရှိသူ Ms. Airin Phanrit က ဖြည့်စွက်ပြောကြားခဲ့သည်။
ငါးအစာအတွက် ပရိုတင်းဓာတ်ပါဝင်မှု ၆၀ % အောက်ရှိသော ကုန် ပစ္စည်းများတင်သွင်းရာတွင် ကြိုတင်ခွင့်ပြုချက်လိုအပ်ပြီး ၆၀ % နှင့်အထက် ပရိုတင်းပါဝင်မှုရှိသည့်ငါးအစာများအတွက် ကန့်သတ်ချက်မရှိဘဲတင်သွင်းနိုင်ကြောင်း၊ ထိုင်းနိုင်ငံ၏ လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက်များအောက်တွင်အကောက်ခွန်နှုန်းထားများမှာ သုညမှ ၅ ရာခိုင်နှုန်းရှိပြီး သဘောတူညီချက်မဟုတ်သော နိုင်ငံများအတွက် အမြင့်ဆုံးနှုန်းမှာ ၁၅% ဖြစ်ကြောင်း သိရှိရပါသည်။
Source: www.bangkokpost.com
(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)