International News

၂၀၂၃ ခုနှစ် ဇူလိုင်လတွင် ဂျပန်နိုင်ငံသည် ရုရှားနိုင်ငံမှ ကောက်ပဲသီးနှံတင်သွင်းမှု ၅၆၈၀ ရာခိုင်နှုန်း တိုးတက်ခဲ့

Last Updated:

၂၀၂၃ ခုနှစ် ဇူလိုင်လတွင် ဂျပန်နိုင်ငံ၏ ရုရှားနိုင်ငံမှ ကောက်ပဲသီးနှံတင်သွင်းမှုသည် ယခင်နှစ် ဇူလိုင်လနှင့်နှိုင်းယှဉ်ပါက ၅၆၇၉.၄ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း၊ အလားတူကာလအတွက် ငါးနှင့် ငါးထွက်ကုန်များတင်သွင်းမှုသည် ၃၅.၃ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ဟင်းသီးဟင်းရွက်တင်သွင်းမှုသည် ၃၀ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း  ဂျပန်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော ကုန်သွယ်မှုစာရင်းဇယား များအရ သိရှိရသည်။

ထို့အတူ ဂျပန်နိုင်ငံ၏ ရုရှားသဘာဝဓာတ်ငွေ့ရည်(LNG)တင်သွင်းမှုသည် ဇူလိုင်လတွင် ၅၃.၆ ရာခိုင်နှုန်း၊ ကျောက်မီးသွေးတင်သွင်းမှုသည် ၇၂.၉ ရာခိုင်နှုန်းနှင့် သံမဟုတ်သော သတ္တုများသည် ၆၉.၅ ရာခိုင်နှုန်းကျဆင်းခဲ့သည်။ သံမဏိသတ္တုရိုင်းများဝယ်ယူမှုသည် ၆၃ ရာခိုင်နှုန်းအပြင် သံနှင့် သံမဏိထုတ်ကုန်များ ဝယ်ယူမှုသည်လည်း ၅၂.၂ ရာခိုင်နှုန်းလျော့နည်းခဲ့သည်။

ရုရှားနိုင်ငံသို့ ဂျပန်မော်တော်ယာဥ်များတင်ပို့မှုသည် ၈၄ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး ဂျပန်အပိုပစ္စည်းပို့ဆောင်မှုမှာ ၄၄.၄ ရာခိုင် နှုန်းကျဆင်းခဲ့သည်။ ထို့အပြင် ဆေးဘက်ဆိုင်ရာ ထုတ်ကုန်များ တင်ပို့မှုမှာ ၁၁၂၃ ရာခိုင်နှုန်းတိုးတက်ခဲ့သည်။

ယေဘုယျအားဖြင့် ၂၀၂၃ ခုနှစ် ဇူလိုင်လတွင် ရုရှားနိုင်ငံသို့ ဂျပန်နိုင်ငံ၏ တင်ပို့မှုပမာဏသည် ယခင်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၂၅ ရာခိုင်နှုန်းတိုးတက်ခဲ့ကာ အမေရိကန်ဒေါ်လာ ၃၄၇.၈၅ သန်းဖြစ်ပြီး သွင်းကုန်ပမာဏမှာ ၆၉.၆ ရာခိုင်နှုန်းကျဆင်းခဲ့ကာ အမေရိကန်ဒေါ်လာ ၃၆၇.၃၁ သန်းဖြစ်ပါသည်။

ဂျပန်နိုင်ငံသည် ရုရှားနိုင်ငံသား ၉၈၇ ဦးကို ပိတ်ဆို့အရေးယူမှုများပြုလုပ်ထားပြီး ထိုအထဲတွင် ခရိုင်းမီးယားပြည်နယ်နှင့် ဒေသသစ်များမှ လူပေါင်း ၃၀၄ ဦး၊ အဖွဲ့အစည်း ၁၂၉ ခုနှင့် ဘဏ် ၁၂ ခု တို့ပါဝင်သည်။

ဂျပန်သည် ရုရှားနိုင်ငံသို့ ဇိမ်ခံပစ္စည်းများဖြစ်သည့် ဇိမ်ခံကားများ၊ စျေးကြီးသော အရက်များ၊ အလှကုန်ပစ္စည်းများ၊ သားရေထုတ်ကုန်များတင်ပို့မှုကို တားမြစ်ထားသည့်အပြင် ရေနံသန့်စင်ရန်အတွက် နည်းပညာမြင့်စက်ကိရိယာများ၊ ဆေးဘက်ဆိုင်ရာထုတ်ကုန်အချို့၊ တစ်ပိုင်းလျှပ်ကူးပစ္စည်းနှင့် အခြားထုတ်ကုန်အမျိုးအစားများစွာတို့ကိုလည်း တင်ပို့ခွင့်တားမြစ်ထား သည်။ ထို့အပြင် ရုရှားနိုင်ငံရှိ ရွှေ၊ စက်ကိရိယာများ၊ သစ်ထုတ်ကုန်အမျိုးအစားအချို့နှင့် ဗော့ဒ်ကာများ ဝယ်ယူတင်သွင်းမှုကို တားမြစ်ထားပါသည်။

Source : https://ria.ru/20230817/yaponiya-1890521034.html

(ခွန်မျိူးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: International News