အီရန်နိုင်ငံတွင် လတ်တလောဖြစ်ပွားနေသော ပြည်တွင်းမငြိမ်မသက်မှုများသည် အိန္ဒိယနိုင်ငံ၏ ဘာစမာတီဆန်တင်ပို့မှုအပေါ် စတင်သက်ရောက်မှုများရှိလာပြီး ငွေပေးချေမှုကြန့်ကြာခြင်းနှင့် မရေရာမှုများကြောင့် ပြည်တွင်းဆန်ဈေးနှုန်းများ သိသိသာသာကျဆင်းလာကြောင်း အိန္ဒိယဆန်တင်ပို့သူများအဖွဲ့ချုပ်(Indian Rice Exporters Federation - IREF) က ယခုလ ၁၃ ရက်နေ့တွင် ပြောကြားခဲ့သည်။
IREF က အီရန်နိုင်ငံနှင့် ချုပ်ဆိုထားသော စာချုပ်များအပေါ် စွန့်စားရမှုများကို ပြန်လည်သုံးသပ်ရန်နှင့် လုံခြုံစိတ်ချရသော ငွေပေးချေမှုစနစ်များကို ကျင့်သုံးရန် တင်ပို့သူများအား တိုက်တွန်းထားပြီး အီရန်ဈေးကွက်အတွက် ရည်ရွယ်ထားသော ကုန်ပစ္စည်းလက်ကျန်များအပေါ် အလွန်အကျွံရင်းနှီးမြှုပ်နှံခြင်းမပြုရန် သတိပေးခဲ့ကြောင်း သိရသည်။
ကုန်သွယ်မှုဆိုင်ရာ အချက်အလက်များအရ အိန္ဒိယနိုင်ငံသည် ၂၀၂၅-၂၆ ဘဏ္ဍာနှစ် ဧပြီလမှ နိုဝင်ဘာလအထိ အီရန်နိုင်ငံသို့ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၄၆၈ ဒသမ ၁၀ သန်းရှိသော ဘာစမာတီဆန်တန်ချိန် ၅ ဒသမ ၉၉ သိန်းကို တင်ပို့ခဲ့ကြောင်း တွေ့ရှိရသည်။
အီရန်နိုင်ငံသည် အိန္ဒိယနိုင်ငံ၏ဘာစမာတီဆန်အများဆုံးတင်ပို့ရာနိုင်ငံဖြစ်သော်လည်း လက်ရှိဘဏ္ဍာနှစ်တွင် ဖြစ်ပွားနေသော မတည်ငြိမ်မှုများကြောင့် အော်ဒါမှာယူမှုများ၊ ငွေပေးချေမှုသံသရာနှင့် ကုန်စည်ပို့ဆောင်မှုအစီအစဉ်များအပေါ် ဖိအားများပိုမိုများပြားလာကြောင်း သိရသည်။
အဆိုပါသက်ရောက်မှုများကို ပြည်တွင်းလက်ကားဈေးကွက်များတွင် ရှင်းလင်းစွာတွေ့မြင်နေကြောင်း၊ လွန်ခဲ့သည့် သီတင်းပတ်အတွင်း၌ပင် ဝယ်ယူသူများ၏ ဝေခွဲမရဖြစ်မှု၊ စာချုပ်များကြန့်ကြာမှုနှင့် တင်ပို့သူများအကြား စွန့်စားရမှုအပေါ် စိုးရိမ်ပူပန်မှုများမြင့်တက်လာခြင်းတို့ကြောင့် အဓိကဘာစမာတီဆန်အမျိုးအစားများ၏ ဈေးနှုန်းများမှာ သိသိသာသာကျဆင်းခဲ့ကြောင်း သိရသည်။
ဘာစမာတီဆန်အမျိုးအစား ၁၁၂၁ ၏ပြည်တွင်းဈေးနှုန်းမှာ လွန်ခဲ့သည့်အပတ်က ၁ ကီလိုဂရမ်လျှင် ရူပီး ၈၅ ရှိရာမှ ယခုအခါ ရူပီး ၈၀ သို့ကျဆင်းသွားပြီး အမျိုးအစား ၁၅၀၉ နှင့် ၁၇၁၈ တို့မှာလည်း ၁ ကီလိုဂရမ်လျှင် ရူပီး ၇၀ မှ ရူပီး ၆၅ သို့ အသီးသီးကျဆင်းသွားကြောင်း သိရသည်။
IREF က အီရန်နိုင်ငံသို့ တင်ပို့မှုများရေရှည်နှေးကွေးသွားနိုင်သည့် အခြေအနေကို ကုစားနိုင်ရန်အတွက် အနောက်အာရှ၊ အာဖရိကနှင့် ဥရောပတစ်လွှားရှိ အခြားရွေးချယ်စရာဈေးကွက်သစ်များသို့ တိုးချဲ့တင်ပို့ကြရန် သက်ဆိုင်သူများအား အကြံပြုချက်ထုတ်ပြန်ကာ တိုက်တွန်းခဲ့ကြောင်း သိရသည်။
အီရန်နိုင်ငံနှင့် ဆက်လက်ကုန်သွယ်နေသည့် နိုင်ငံများသည် ၂၅ ရာခိုင်နှုန်းအကောက်ခွန်နှင့် ရင်ဆိုင်ရနိုင်ကြောင်း အမေရိကန်သမ္မတ Donald Trump ၏ မကြာသေးမီက ပြောကြားချက်အပေါ် စိုးရိမ်ပူပန်မှုများကိုလည်း အဆိုပါအဖွဲ့ချုပ်က ထည့်သွင်းပြောကြားခဲ့ကြောင်း တွေ့ရှိရသည်။
အမေရိကန်ပြည်ထောင်စုသို့ အိန္ဒိယဆန်တင်ပို့မှုများအပေါ် ယခင်က ၁၀ ရာခိုင် နှုန်းသာ ကောက်ခံခဲ့သော်လည်း ယခုအခါ ၅၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံနေပြီဖြစ်ကြောင်း IREF က ရှင်းလင်း ပြောကြားခဲ့သည်။
သို့သော်လည်း အမေရိကန်ပြည်ထောင်စုသို့ အိန္ဒိယဆန်တင်ပို့မှုမှာ ဆက်လက်ခိုင်မာနေဆဲဖြစ်ကြောင်း သိရသည်။ အိန္ဒိယနိုင်ငံသည် ၂၀၂၅-၂၆ ဘဏ္ဍာနှစ် ဧပြီလမှ နိုဝင်ဘာလအထိ အမေရိကန်ပြည်ထောင်စုသို့ ဘာစမာတီနှင့် ဘာစမာတီမဟုတ်သော ဆန်တန်ချိန် ၂၄၀,၅၁၈ တင်ပို့ခဲ့ပြီး ၎င်းမှာ ၂၀၂၄-၂၅ ဘဏ္ဍာနှစ်တစ်ခုလုံးတွင် တင်ပို့ခဲ့သည့် တန်ချိန် ၂၃၅,၅၅၄ ထက် ပိုမိုများပြားကြောင်း တွေ့ရှိရသည်။ အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာလုံးဆိုင်ရာ အိန္ဒိယဆန်တင်ပို့မှုတွင် ၁၀ ခုမြောက်အကြီးဆုံးဈေးကွက်ဖြစ်ပြီး ဘာစမာတီဆန်အတွက်မူ စတုတ္ထမြောက်အကြီးဆုံးဈေးကွက်ဖြစ်ကြောင်း သိရသည်။
Source: The Hindu Businessline, Iran unrest hits Indian basmati rice exports, prices fall sharply as payment delays mount: industry body, January 13, 2026.
(ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)