International News

ပြည်တွင်းကုန်ထုတ်လုပ်မှုကိုမြှင့်တင်ရန်အတွက် ပြည်တွင်းတန်ဖိုးအစီအစဉ်တစ်ရပ်ကို ဒူဘိုင်းစီးပွားရေးနှင့် ခရီးသွားလာရေးဌာနမှ စတင်

Last Updated:

ဒူဘိုင်းပြည်နယ်မှ ပြည်တွင်းထုတ်လုပ်သူများထံသို့ အစိုးရအသုံးစရိတ်ပိုမိုသုံးစွဲစေမည့် ပြည်တွင်းတန်ဖိုးအစီအစဉ်(ICV)အစီအစဉ်တစ်ရပ်ကို စတင်ဆောင်ရွက်လိုက်ပြီဖြစ်ပြီး၊ ၎င်းသည် ပြည်နယ်၏ စက်မှုလုပ်ငန်းအခြေခံများကို အားကောင်းလာစေရန်နှင့် ရေရှည်တည်တံ့သောစီးပွား ရေးတိုးတက်မှုကို မောင်းနှင်ရန်ရည်ရွယ်သည့် မဟာဗျူဟာမြောက်လှုပ်ရှားမှုတစ်ခုဖြစ်ပါသည်။

ဒူဘိုင်းစီးပွားရေးနှင့်ခရီးသွားလာရေးဌာန(DET)မှ ဦးဆောင်ပြီး ဒူဘိုင်းဘဏ္ဍာရေးဌာန(DOF)နှင့် ပူးပေါင်းဆောင်ရွက်သည့်အဆိုပါအစီအစဉ်ကို ဒူဘိုင်း၏မျှဝေဝယ်ယူရေးအစီအစဉ်(TASHAROK) မှတစ်ဆင့် စတင်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ဤလမ်းကြောင်းသည် ဦးစားပေးနှုန်း ထားများဖြင့် ကြိုတင်ခွင့်ပြုထားသောပေးသွင်းသူ၏သဘောတူညီချက်များကို အစိုးရအဖွဲ့အစည်းများအားရယူ ဆောင်ရွက်နိုင်စေမည်ဖြစ်ပြီး ယခုအခါတွင် ICV စံနှုန်းများဖြင့်မြှင့်တင်ပေးထားပါသည်။

အဆိုပါအစီအစဉ်သည်ထုတ်ကုန်များကို ပိုမိုမြင့်မားသောဒေသဆိုင်ရာအကြောင်းခြင်းရာများဖြင့် ဦးစားပေးလုပ်ဆောင်ရန် အစိုးရအဖွဲ့အစည်းများမှတိုက်တွန်းအားပေးခြင်းဖြင့် ယူအေအီးနိုင်ငံသားများ ပိုင်ဆိုင်သောစီးပွားရေးလုပ်ငန်းများနှင့် ပြည်တွင်းထုတ်လုပ်သူများအတွက် ပံ့ပိုးကူညီမှုများကို တိုးမြှင့်ရန် ရည်ရွယ်ထားခြင်းဖြစ်ပါသည်။ ၎င်းသည် ဒူဘိုင်း၏ စီးပွားရေးအစီအစဉ်(D33)နှင့်ကိုက်ညီမှုရှိပြီး ၂၀၃၃ ခုနှစ်တွင် ယူအေအီးနိုင်ငံ၏စီးပွားရေးကို နှစ်ဆတိုးလာစေရန်နှင့် ကုန်သွယ်မှုနှင့် ဆန်းသစ်တီထွင်မှုအတွက် ကမ္ဘာ့ဗဟိုချက်အဖြစ် ဒူဘိုင်း၏ရပ်တည်ချက်ကို အားဖြည့်ပေးသွားမည်ဖြစ်ပါသည်။

ဒူဘိုင်းလျှပ်စစ်ဓာတ်အားနှင့်ရေအသုံးချမှုအာဏာပိုင်အဖွဲ့(DEWA)၊ ဒူဘိုင်းရဲတပ်ဖွဲ့နှင့် ကုန်းလမ်းသယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့(RTA) အပါအဝင် အဓိကအစိုးရအဖွဲ့အစည်းခုနစ်ခုတို့မှ ICV လိုအပ်ချက်များကိုဝယ်ယူရေးဗျူဟာများတွင် ပေါင်းစည်းပါဝင်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ဤမူဘောင်သဘောတူညီချက်များကို ပါ၀င်သည့်အဖွဲ့အစည်းအားလုံးမှ ရယူနိုင်မည်ဖြစ်ပြီး၊ အများပြည်သူကဏ္ဍအနှံ့တစ်စုတစ်စည်းတည်းချဉ်းကပ်မှုကို ဖန်တီးဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။

ဒူဘိုင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်ပိုရေးရှင်း၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Hadi Badri က အဆိုပါအစီအစဉ်ကို ထောက်ပံ့ရေးကွင်း ဆက်ခံနိုင်ရည်အားမြှင့်တင်ရန်နှင့် စက်မှုလုပ်ငန်းဖူလုံရေး အရှိန်မြှင့်ရန်ဒီဇိုင်းပုံစံထုတ်ထားသည့် ဝယ်ယူရေးကဏ္ဍ၏မဟာဗျူဟာမြောက်ပြောင်းလဲမှုတစ်ရပ်ဟု ခေါ်ဆိုခဲ့ပါသည်။

ဒူဘိုင်းဘဏ္ဍာရေးဝန်ကြီး Hamed Al Awadhi က အဆိုပါသုံးသပ်ချက်အားပဲ့တင်ထပ်ကာ ယှဉ်ပြိုင်နိုင်စွမ်းရှိသောပြည်တွင်းစက်မှုလုပ်ငန်းများနှင့် ရေရှည်တည်တံ့မှုကိုဖော်ဆောင်သည့် အခန်းကဏ္ဍအပေါ် မီးမောင်းထိုးဖော်ပြခဲ့ပါသည်။

DET နှင့် DOF တို့သည် အစီအစဉ်ချောမွေ့စွာအကောင်အထည်ဖော်နိုင်စေရန်အတွက် စွမ်းဆောင်ရည်တည်ဆောက်ရေး အလုပ်ရုံဆွေးနွေးပွဲများကိုပြုလုပ်ခဲ့ကြပြီး ဒေသတွင်းကုန်ထုတ်လုပ်မှုဆိုင်ရာ ပံ့ပိုးကူညီမှုများကိုအကဲဖြတ်ခြင်းနှင့် စီးပွားရေးဆိုင်ရာအကျိုးသက်ရောက်မှုများကို တိုင်းတာခြင်းဆိုင်ရာ လမ်းညွှန်မှုများကို ပေးဆောင်ခဲ့ကြပါသည်။

ICV စည်းမျဉ်းများကို အများပြည်သူဝယ်ယူရေးကဏ္ဍတွင်ထည့်သွင်းခြင်းအားဖြင့် ဒူဘိုင်းသည် ၎င်း၏ စီးပွားရေးအတွင်းတန်ဖိုးပိုမိုထိန်းသိမ်းနိုင်ရန်၊ ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို အားကောင်းလာစေရန်နှင့် ပိုမိုလျင်မြန်သော၊ အနာဂတ်အတွက်အဆင်သင့်ရှိသောစက်မှုလုပ်ငန်းကဏ္ဍများကို တည်ဆောက်သွားရန် ရည်ရွယ်ထားကြောင်း သတင်းဖော်ပြထားပါသည်။

Source: Emirates News Agency

(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ ဒူဘိုင်းမြို့)

Category: International News