International News

အိန္ဒိယစားသုံးသူရေးရာဌာနက ဇူလိုင်လကုန်ပိုင်းတွင် ပဲဈေးနှုန်းများကျဆင်းလာမည်ဟု ခန့်မှန်း

Last Updated:

မုတ်သုံရာသီကောင်းမွန်ခြင်းကြောင့် စိုက်ပျိုးမှုတိုးတက်လာမည်ဟု မျှော်မှန်းထားခြင်းနှင့် တင်သွင်းမှုတိုးတက်လာခြင်းတို့ကြောင့် အဓိကပဲ ၃ မျိုးဖြစ်သည့် ပဲစင်းငုံ၊ ကုလားပဲနှင့်မတ်ပဲဈေးနှုန်းများသည် လာမည့်လကုန်ပိုင်းလောက်တွင် ကျဆင်းလာဖွယ်ရှိကြောင်းနှင့် မိုဇမ်ဘစ်နှင့် မာလာဝီကဲ့သို့သောတောင်အာဖရိကနိုင်ငံများမှ ယင်းပဲ ၃ မျိုးတင်သွင်းမှုသည် ဇူလိုင်လကုန်ပိုင်းမှစ၍ ပိုမိုရောက်ရှိလာမည်ဖြစ်ရာ ပြည်တွင်းရောင်းလိုအားများပြားလာစေရန် ကူညီပေးမည်ဖြစ်ကြောင်း စားသုံးသူရေးရာဌာန အတွင်းဝန်ဖြစ်သူ Nidhi Khare က ပြောကြားထားကြောင်း သိရှိရသည်။

ဝယ်လိုအား-ရောင်းလိုအားမမျှတမှုကြောင့် ပဲစင်းငုံ၊ ကုလားပဲနှင့် မတ်ပဲစသည့်ပဲမျိုးစုံ၏ ဈေးနှုန်းများသည် ပြီးခဲ့သည့်တစ်နှစ်တာကာလအတွင်း ပဲအမျိုးအစားအလိုက် ဈေးနှုန်းနှစ်ဆမြင့်တက်စေခဲ့ကြောင်းနှင့် ယင်းသည်အစိုးရနှင့်စားသုံးသူများအတွက် စိုးရိမ်စရာဖြစ်စေခဲ့ကြောင်း သိရှိရသည်။

စားသုံးသူရေးရာဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်အချက်အလက်များအရ ပဲမျိုးစုံပျမ်းမျှ လက်လီဈေးနှုန်းများမှာ ဇွန်လ ၁၃ ရက်နေ့တွင်  ကုလားပဲတစ်ကီလိုလျှင် ၈၇.၇၄ ရူပီး၊ ပဲစင်းငုံတစ်ကီလိုလျှင် ၁၆၀.၇၅ ရူပီး၊ မတ်ပဲတစ်ကီလိုလျှင် ၁၂၆.၆၇ ရူပီး၊ ပဲတီစိမ်းတစ်ကီလိုလျှင် ၁၁၈.၉ ရူပီး၊ ပဲနီလေးတစ်ကီလိုလျှင် ၉၄.၃၄ ရူပီးရှိကြောင်း သိရှိရသည်။

အယ်နီညိုနှင့် ရာသီဥတုအပြောင်းအလဲများကြောင့် ပဲမျိုးစုံထုတ်လုပ်မှုလျော့နည်းရခြင်းအကြောင်းရင်းကို ကိုးကား၍ Khare က ပဲစင်းငုံ၊ ကုလားပဲနှင့် မတ်ပဲဈေးနှုန်းများမှာ ပြီးခဲ့သည့်ခြောက်လအတွင်း တည်ငြိမ်နေသော်လည်း အမြင့်ဆုံးဈေးနှုန်းတွင်ရှိနေခဲ့ကြောင်း၊ ပဲတီစိမ်းနှင့် ပဲနီလေးဈေးနှုန်းများမှာမူ အဆင်ပြေမှုရှိခဲ့ကြောင်း ပြောကြားထားသည်။ ထို့ပြင် ၎င်းက ပဲမျိုးစုံချောမွေ့စွာ တင်သွင်းနိုင်ရေးအတွက် အိန္ဒိယအစိုးရသည် တင်သွင်းသည့်နိုင်ငံများနှင့် ဆွေးနွေးမှုများပြုလုပ်နေကြောင်း၊ ပဲစင်းငုံကို အာဖရိကနိုင်ငံများမှတင်သွင်းသော်လည်း ကုလားပဲကို မြန်မာ၊ ဘရာဇီးနှင့်အာဂျင်တီးနားနိုင်ငံတို့မှလည်းကောင်း၊ မတ်ပဲကို အဓိကအားဖြင့် မြန်မာနိုင်ငံမှလည်းကောင်း တင်သွင်း လျက်ရှိကြောင်း ဆက်လက်ပြောကြားခဲ့သည်။

ထို့ပြင် Khare က Karnataka ပြည်နယ်၏နေရာများစွာတွင် ပဲစင်းငုံစိုက်ပျိုးခြင်းကို စတင်နေပြီဖြစ်ပြီး Maharashtra တွင် စိုက်ပျိုးရန်ပြင်ဆင်မှုများစတင်နေပြီဖြစ်ကြောင်း၊ ယင်းပြည်နယ်နှစ်ခုသည် ပဲစင်းငုံအဓိကထွက်ရှိသော ပြည်နယ်နှစ်ခုဖြစ်ကြောင်း၊ မုတ်သုံရာသီမိုးရွာသွန်းမှုကောင်းမွန်မှုခန့်မှန်းချက်သည် ပဲမျိုးစုံစိုက်ဧရိယာတိုးလာရန် အထောက်အကူဖြစ်နိုင်သကဲ့သို့ စျေးနှုန်းများလည်းကျဆင်းလာမည်ဖြစ်ကြောင်း၊ ပြည်တွင်းဈေးကွက်၌ ပဲမျိုးစုံရရှိနိုင်မှုမြှင့်တင်ရန်နှင့် လက်လီဈေးနှုန်းများကို တည်ငြိမ်မှုရှိစေရန်အတွက် အစိုးရက လိုအပ်သည့်အစီအမံများအားလုံးကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားထားသည်။

အိန္ဒိယနိုင်ငံသည် ပြီးခဲ့သည့်ဘဏ္ဍာရေးနှစ်တွင် ပဲစင်းငုံတန်ချိန် ၈ သိန်းနှင့် မတ်ပဲတန်ချိန် ၆ သိန်းနီးပါးတင်သွင်းခဲ့ကြောင်း၊စားသုံးသူရေးရာဌာနအနေဖြင့် ပြည်တွင်းလက်လီရောင်းချသူများ၊ လက်ကားရောင်းချသူများနှင့် လက်လီ အရောင်းဆိုင်ကြီးများမှ ဈေးကစားမှုမရှိစေရေးနှင့် သွင်းကုန်မြှင့်တင်ရန်အတွက် ကမ္ဘာလုံးဆိုင်ရာတင်ပို့သူများနှင့် အဆက်မပြတ်ဆက်သွယ်ဆောင်ရွက်နေကြောင်း  Khare က ထပ်လောင်းပြောကြားထားသည်။

သို့ဖြစ်ပါ၍ အိန္ဒိယစားသုံးသူရေးရာအတွင်းဝန်က ပြည်ပမှ သွင်းကုန်များပိုမိုဝင်ရောက်လာရန်နှင့် ယခုနှစ်မုတ်သုံရာသီကောင်းမွန်မည်ဟု ခန့်မှန်းထားသဖြင့် ပဲမျိုးစုံစိုက်ဧကတိုးတက်လာမည်ဟု မျှော်လင့်ထားခြင်းတို့ကြောင့် ဇူလိုင်လကုန်တွင် ပဲဈေးနှုန်းများကျဆင်းလာမည်ဟု ခန့်မှန်းပြောကြားလျက်ရှိပါသည်။

Source: Prices of pulses to soften from end of July: Official, The Economic Times, June 14, 2024.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: International News