International News

အာဖရိက ၂ နိုင်ငံနှင့် စင်ကာပူနိုင်ငံအကြား နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုသဘောတူစာချုပ် အသက်ဝင်

Last Updated:

နိုင်ဂျီးရီးယား-စင်ကာပူ နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုသဘောတူစာချုပ်နှင့် Côte d’Ivoire -စင်ကာပူနှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုသဘောတူစာချုပ်တို့ အသက်ဝင်ကြောင်း စင်ကာပူနိုင်ငံ၊ ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါသည်။ သဘော တူစာချုပ်များသည် နှစ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများကို အကာအကွယ်ပေးမည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံသူများအတွက် သေချာမှုနှင့် ယုံကြည်စိတ်ချရမှုများမှတစ်ဆင့် ရင်းနှီး မြှုပ်နှံမှုနှင့်ကုန်သွယ်မှုများကို မြှင့်တင်နိုင်မည်ဖြစ်ပါသည်။

ကုန်သွယ်မှုဆက်ဆံရေးဆိုင်ရာတာဝန်ခံဝန်ကြီး Grace Fu က “သဘောတူစာချုပ်များသည် စင်ကာပူနိုင်ငံ၏အာဖရိကနှင့်ပူးပေါင်းဆောင်ရွက်မှုကိုခိုင်မာအားကောင်း စေမည်ဖြစ်ပြီး အဆိုပါနိုင်ငံများတွင် စင်ကာပူကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုများကို ပိုမိုအကာအကွယ်ပေးနိုင်မည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုများတိုးတက်လာမည်ဟု ယုံကြည်ကြောင်း”ပြောကြားခဲ့ပါသည်။ ဝန်ကြီး Grace Fu က (၈)ကြိမ်မြောက် အာဖရိက-စင်ကာပူစီးပွားရေးဖိုရမ်(8th Africa Singapore Business Forum) တွင် စာချုပ်များအသက်ဝင်မှုကို ကြေညာခဲ့ခြင်းဖြစ်ပါသည်။

နိုင်ဂျီးရီးယား - စင်ကာပူ နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုသဘောတူစာချုပ်ကို ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့၊ ထိုစဉ်အချိန်က နိုင်ဂျီးရီးယားနိုင်ငံ စက်မှု၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး Dr. Okechukwu Enelamah ၏ စင်ကာပူနိုင်ငံသို့ လာရောက်သည့်ခရီးစဉ်တွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပါသည်။နှစ်နိုင်ငံ၏ ပြည်တွင်း လုပ်ထုံးလုပ်နည်းများပြီးစီး၍ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၂ ရက်နေ့တွင် စာချုပ် အသက်ဝင်ခြင်းဖြစ်ပါသည်။ နိုင်ဂျီးရီးယားနိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် ဂျီဒီပီတိုးတက်မှုနှုန်း ၃.၄ % ရှိပြီး လူဦးရေ ၂၃၂.၇ သန်းရှိပါသည်။ စင်ကာပူနိုင်ငံ၏ ကုန်သွယ်မှုမိတ်ဖက်နိုင်ငံ ၁၀ နိုင်ငံတွင် တစ်နိုင်ငံဖြစ်ပြီး  စင်ကာပူနိုင်ငံအတွက် အာဖရိကဒေသတွင် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် ဦးတည်သည့်နိုင်ငံဖြစ်ပါသည်။

Côte d’Ivoire - စင်ကာပူ နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုသဘောတူစာချုပ်ကို ၂၀၁၄ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်နေ့၊ထိုစဉ်အချိန်က Côte d’Ivoire နိုင်ငံ၏ကူးသန်းရောင်းဝယ်မှု၊ လက်မှုလုပ်ငန်းနှင့် အသေးစားနှင့်အလတ်စားလုပ်ငန်းမြှင့်တင်ရေးဝန်ကြီး Jean Louis Billon ၏ စင်ကာပူနိုင်ငံသို့ (၃)ကြိမ်မြောက် အာဖရိက - စင်ကာပူစီးပွားရေးဖိုရမ်အတွက် လာရောက်သည့်ခရီးစဉ်တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။ နှစ်နိုင်ငံ၏ ပြည်တွင်းလုပ်ထုံးလုပ်နည်းများပြီးစီး၍ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်နေ့တွင် စာချုပ် အသက်ဝင်ခြင်းဖြစ်ပါသည်။ Côte d’Ivoire နိုင်ငံသည် ကိုကိုးနှင့် သီဟိုဠ်စေ့များ ကမ္ဘာ့အကြီးဆုံးတင်ပို့သည့်နိုင်ငံဖြစ်ပြီး အခြေခံအဆောက်အအုံကောင်းများနှင့်သဘာဝအရင်းအမြစ်များရှိခြင်းကြောင့် စင်ကာပူကုမ္ပဏီများအတွက် အနောက်အာဖရိကတွင် လုပ်ငန်းချဲ့ထွင်ရန် အလားအလာရှိသည့်နိုင်ငံဖြစ်ပါသည်။

ရင်းမြစ်။         The Ministry of Trade and Industry

(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)

Category: International News