အာရပ်စော်ဘွားများပြည်ထောင်စုနှင့် ဖိလစ်ပိုင်သမ္မတနိုင်ငံတို့သည် နှစ်နိုင်ငံဆက်ဆံရေးကို ခိုင်မာစေရန်အတွက် ဘက်စုံစီးပွားရေးမိတ်ဖက်သဘောတူညီချက်(CEPA)တစ်ရပ်ကို လက်မှတ်ရေးထိုးလိုက်ခြင်းအား ဖြင့် သိသာထင်ရှားသော ခြေလှမ်းတစ်ရပ်အား လှမ်းခဲ့ကြပြီး နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၏ အဆင့်သစ်တစ်ခုကို အမှတ် အသားပြုခဲ့ကြပါသည်။
ယူအေအီးသမ္မတ Sheikh Mohamed bin Zayed Al Nahyan နှင့် ဖိလစ်ပိုင်သမ္မတ Ferdinand R Marcos Jr တို့၏ရှေ့မှောက်တွင် ကျင်းပပြုလုပ်သော တရားဝင်အခမ်းအနားတစ်ခုတွင် အဆိုပါသဘောတူညီချက်အား လက်မှတ်ရေးထိုးခဲ့ကြပြီး မိတ်ဖက်ဆက်ဆံရေး၏ မဟာ ဗျူဟာမြောက်အရေးပါမှုအပေါ် အလေးပေးပြောကြားခဲ့ကြပါသည်။ သဘောတူညီချက်သည် ရေရှည်စီးပွားဆက်ဆံရေးကို အားဖြည့်ပေးနေစဉ်တွင် ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းအသစ်များကို ဖွင့်လှစ်ပေးနိုင်ရန် ရည်ရွယ်ထားပါသည်။
ယူအေအီးနှင့် ဖိလစ်ပိုင်နိုင်ငံတို့အကြား ဆက်ဆံရေးအား နှစ်နိုင်ငံစလုံးအတွက် အကျိုးရှိစေမည့်နည်းလမ်းများဖြင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ဆောင်ရွက်မည့် ဘုံရည်မှန်းချက်များဖြင့် ဆက်လက်တိုးတက်လျက်ရှိကြောင်း Sheikh Mohamed bin Zayed က ပြောကြားခဲ့ပါ သည်။ ရေရှည်တည်တံ့သော တိုးတက်မှုကို မြှင့်တင်ပေးသည့် ကမ္ဘာလုံးဆိုင်ရာမိတ်ဖက်ဆက်ဆံရေးများအား တည်ဆောက်သွားမည့်ယူအေအီး နိုင်ငံ၏ကတိကဝတ်ကို ထင်ဟပ်စေသည့် ၎င်းသဘောတူညီချက်သည် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးပြီး မျှဝေနိုင်သည့် ဖွံ့ဖြိုးတိုးတက်မှုရည်မှန်းချက်များအား ပံ့ပိုးပေးမည်ဟု ယုံကြည်ကြောင်း ၎င်းက ထုတ်ဖော်ပြောကြားခဲ့ပါသည်။
အဆိုပါ CEPA ကို ယူအေအီးနိုင်ငံ၏ နိုင်ငံခြားကုန်သွယ်ရေးဝန်ကြီး Dr Thani bin Ahmed Al Zeyoudi နှင့် ဖိလစ်ပိုင်ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး Cristina Aldeguer-Roque တို့က အဘူဒါဘီ ရေရှည်တည်တံ့ခိုင်မြဲရေးရက်သတ္တပတ်ကျင်းပသည့်ကာလအတွင်း လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်ပါသည်။
သဘောတူညီချက်အရ အခွန်အကောက်များနှင့် ကုန်သွယ်ရေးဆိုင်ရာ အတားအဆီးများကို လျှော့ချပေးသွားမည်ဖြစ်ပြီး၊ ရင်းနှီးမြှုပ်နှံမှုစီးဆင်းမှုများကို အားပေးနိုင်မည်ဖြစ်ကာ လျှပ်စစ်ပစ္စည်းကိရိယာများ၊ စိုက်ပျိုး ရေး၊ ငွေကြေးဝန်ဆောင်မှုများနှင့် အဖိုးတန်သတ္တုများအပါအဝင် အဓိကကဏ္ဍများတွင် အခွင့်အလမ်းများကို ဖန်တီးပေးသွားမည်ဖြစ်ပါသည်။ ဤသဘောတူညီချက်သည် ထောက်ပံ့ရေးကွင်းဆက်များကို အား ကောင်းစေရန်၊ ပုဂ္ဂလိကကဏ္ဍပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်နှင့် အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများကို နိုင်ငံတကာတွင် တိုးချဲ့နိုင်မှုများအပေါ် ပံ့ပိုးပေးသွားရန်လည်း ရည်မှန်းထားပါသည်။
၂၀၂၄ ခုနှစ်က ရေနံမဟုတ်သော နှစ်နိုင်ငံကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၉၄၀ သန်းအထိရောက်ရှိခဲ့ပြီး ၂၀၂၅ ခုနှစ်၏ ပထမကိုးလအတောအတွင်း ယခင်နှစ်ထက် ၂၂.၄ % မြင့်တက်လာခဲ့ပါ သည်။ ဤသဘောတူညီချက်သည် ၂၀၃၂ ခုနှစ်တွင် ယူအေအီးနိုင်ငံ၏ GDP သို့ အမေရိကန်ဒေါ်လာ ၂.၄ ဘီလီယံထပ်မံတိုးပွားလာစေရန် ရည်မှန်းထားပြီး နိုင်ငံ၏ပိုမိုကျယ်ပြန့်သော ကုန်သွယ်ရေးနှင့် ကွဲပြားမှုဗျူဟာတွင် ၎င်း၏ အခန်းကဏ္ဍကို အားကောင်းစေမည်ဖြစ်ကြောင်း သတင်းဖော်ပြထားပါသည်။
News Source: Emirates News Agency
(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ အဘူဒါဘီမြို့)