International News

အာဆီယံနှင့် ကနေဒါတို့ FTA လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက်ကို ယခုနှစ်အတွင်း အပြီးသတ်ရန် အရှိန်မြှင့်၊ ထိုင်းနိုင်ငံက ကနေဒါနှင့် နှစ်နိုင်ငံ(Bilateral)ဆွေးနွေးပွဲများပါ ပူးတွဲတွန်းအားပေးနေ

Last Updated:

အာဆီယံနှင့် ကနေဒါနိုင်ငံတို့အကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများတိုးချဲ့ရန်အတွက် "အာဆီယံ-ကနေဒါ လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက်(ACAFTA)"ဆိုင်ရာ(၁၉)ကြိမ်မြောက်ကော်မတီအစည်းအဝေးကို၂၀၂၆ခုနှစ် ဇွန်လ ၃၀ ရက်မှ ဇူလိုင် ၃ ရက်အထိ အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့၌ ကျင်းပခဲ့ကြောင်း ထိုင်းကုန်သွယ်မှုညှိနှိုင်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Ms. Chotima Iamsawadikul က ထုတ်ဖော်ပြောကြားခဲ့သည်။ ယခုဆွေးနွေးပွဲသည် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးမရေရာမှုများနှင့် ပထဝီနိုင်ငံရေးစိန်ခေါ်မှုများအကြား ဒေသတွင်းစီးပွားရေး အားကောင်းလာစေရန်ရည်ရွယ်ပြီး ၂၀၂၆ ခုနှစ်အတွင်း သဘောတူညီချက်တစ်ခုလုံးအပြီးသတ်နိုင်ရေးအတွက် အရှိန်မြှင့်ဆောင်ရွက်နေခြင်းဖြစ် သည်။

လက်ရှိတွင် စုစုပေါင်း ၂၆ ခုပါဝင်သည့် အခန်းကဏ္ဍများအနက် ၈၀ ရာခိုင်နှုန်းခန့်အထိ သိသာစွာတိုးတက်မှုရရှိထားပြီးဖြစ်ရာ၊ ယခု(၁၉)ကြိမ်မြောက်ဆွေးနွေးပွဲတွင် အောက်ပါထပ်ဆောင်းအခန်း ၇ ခန်းကို အောင်မြင်စွာသဘောတူညီမှုရယူနိုင်ခဲ့သဖြင့် စုစုပေါင်း ၁၉ ခန်းအထိ ဆောင်ရွက်နိုင်ခဲ့ပြီဖြစ် ကြောင်း ဖော်ပြထားသည်။

  1. မူပိုင်ခွင့် (Intellectual Property)
  2. ဝန်ဆောင်မှုနှင့်ဆက်စပ်သောကုန်သွယ်ရေး (Trade in Services - စာသားပိုင်း)
  3. ကုန်ပစ္စည်းပင်ရင်းဒေသစည်းမျဉ်း(Rules of Origin - စာသားပိုင်း)
  4. ကုန်သွယ်ရေးဆိုင်ရာ နည်းပညာပိတ်ဆို့မှုများ(Technical Barriers to Trade)
  5. ရင်းနှီးမြှုပ်နှံမှု (Investment)
  6. နိဒါန်းပိုင်း (Preamble)
  7. ပွင့်လင်းမြင်သာမှုနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး(Transparency and Anti-Corruption)

လက်ရှိတွင် နှစ်ဦးနှစ်ဖက်စလုံးသည် ကျန်ရှိနေသေးသည့် ကုန်စည်ကုန်သွယ်ရေး၊ ပင်ရင်းဒေသစည်းမျဉ်း၊ အစိုးရဝယ်ယူရေး၊ ရေရှည်တည်တံ့သော ကုန်သွယ်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အပြင် ကုန်စည်၊ ဝန်ဆောင်မှုနှင့် ဘဏ္ဍာရေးဝန်ဆောင်မှုဆိုင်ရာ စျေးကွက်ဝင်ရောက်ခွင့်(Market Access) ဆွေးနွေးပွဲများကို အွန်လိုင်းနှင့် မြေပြင်ဆွေးနွေးပွဲများဖြင့် စဉ်ဆက်မပြတ်ဆက်လက်လုပ်ဆောင်သွားရန် သဘော တူညီခဲ့ကြသည်။ ရည်မှန်းချက်မှာ လာမည့် ၂၀၂၆ ခုနှစ်နိုဝင်ဘာလတွင်ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေး(ASEAN Leaders' Summit)အတွင်း ဤ FTA ဆွေးနွေးပွဲများအောင်မြင်စွာပြီးဆုံးကြောင်း တရားဝင်ကြေညာနိုင်ရန်ဖြစ်သည်ဟုဖော်ပြထားပါသည်။

၎င်းအပြင် ထိုင်းနိုင်ငံအနေဖြင့် အာဆီယံမူဘောင်အပြင် ကနေဒါနိုင်ငံနှင့် နှစ်နိုင်ငံချင်းသီးသန့်(Bilateral FTA)သဘောတူညီချက်ကိုပါ တစ်ပြိုင်နက်တည်း တွန်းအားပေးလျက်ရှိပြီး၊ ဤသည်မှာ ထိုင်းနိုင်ငံအတွက် မြောက်အမေရိကနိုင်ငံတစ်ခုနှင့် ပထမဆုံးအကြိမ်ပြုလုပ်သည့် Bilateral FTA ဖြစ်လာမည်ဖြစ်သည်။ လက်ရှိတွင် ဆွေးနွေးပွဲမူဘောင်များကိုပြင်ဆင်နေပြီး လာမည့်တတိယသုံးလပတ်(Q3)အတွင်း ကနဦးညှိနှိုင်းမှုများစတင်နိုင်ရန် မျှော်မှန်းထားသည်ဟူ၍ ဖော်ပြထားပါသည်။

ကုန်သွယ်မှုမှတ်တမ်းများအရ ၂၀၂၅ ခုနှစ်တွင် ထိုင်းနှင့်ကနေဒါအကြား စုစုပေါင်းကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၃,၉၁၅.၀၈ သန်းအထိရှိခဲ့ပြီး ၂၀၂၄ ခုနှစ်ထက် ၂၁.၄၄ ရာခိုင်နှုန်းမြင့်တက်လာခဲ့သည်။ ထိုင်းနိုင်ငံ၏ပို့ကုန်မှာ ဒေါ်လာ ၂,၅၈၇.၀၉ သန်း(၂၁.၂၅% တိုးတက်)ဖြစ်ပြီး၊ သွင်းကုန်မှာ ဒေါ်လာ ၁,၃၂၇.၉၉ သန်း(၂၁.၈၂% တိုးတက်)အထိရှိခဲ့သည်။ ထိုင်းနိုင်ငံ၏ပင်မပို့ကုန်များမှာ ကွန်ပျူ တာနှင့် စက်ပစ္စည်းအစိတ်အပိုင်းများ၊ သံနှင့် သံမဏိထုတ်ကုန်များ၊ စည်သွပ်ဗူးနှင့် ပြုပြင်ပြီးရေထွက်ကုန်များ၊ ဆန်နှင့် ရာဘာထုတ်ကုန်များဖြစ်ပြီး၊ ကနေဒါနိုင်ငံထံမှ ပုံနှိပ်ပတ်လမ်းပြား (PCBs)၊ ကျောက်မျက်ရတနာ၊ ရွှေသတ္တု၊ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေး၊ အပင်နှင့် စက်ပစ္စည်းအစိတ်အပိုင်းများကို အဓိကတင်သွင်းခဲ့ကြောင်း သိရသည်။

ကိုးကား Ministry of Commerce,Thailand

(ရည်မွန်လှိုင်၊ စီးပွားရေးသံမှူး၊ ဘန်ကောက်မြို့)

Category: International News