International News

၂၀၂၆ ခုနှစ်တွင် ယူအေအီးနိုင်ငံ၏ စီးပွားရေး ၅ % အထိတိုးတက်လာမည်ဟု ကမ္ဘာ့ဘဏ်မှ ခန့်မှန်းထားရှိ

Last Updated:

ကမ္ဘာ့ဘဏ်၏နောက်ဆုံးထုတ်ပြန်ခဲ့သော ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအလားအလာအစီရင်ခံစာအရ ယူအေအီးနိုင်ငံ၏စီးပွားရေးမှာ အားကောင်းသည့် အရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းထားရှိနိုင်ရန်စီစဉ်ထားပြီး ၂၀၂၆ ခုနှစ်အတွင်း ၅ % နှင့် ၂၀၂၇ ခုနှစ်တွင် ၅.၁ % အထိမြင့်တက်လာမည်ဟု ခန့်မှန်းထားပါသည်။

လက်ရှိကုန်သွယ်ရေးတင်းမာမှုများနှင့် မူဝါဒမသေချာမှုများကြားတွင် ခံနိုင်ရည်ရှိမှုကို ထင်ဟပ်စေသည့် ၎င်းခန့်မှန်းချက်သည် ကမ္ဘာလုံးဆိုင်ရာ အလျင်မြန်ဆုံးကြီးထွားလာသော စီးပွားရေးများထဲတွင် ယူအေအီးနိုင်ငံအား ထည့်သွင်းဖော်ပြထားပါသည်။ ကမ္ဘာ့ဘဏ်က ကမ္ဘာ့စီးပွားရေးအခြေအနေများသည် မျှော်မှန်းထားသည်ထက် ပိုမိုခိုင်မာကြောင်းအား သက်သေပြခဲ့ပြီး ၎င်းတို့၏အလားအလာကို ပြန်လည် ပြင်ဆင်ရန် တွန်းအားပေးခဲ့သည်ကို ထောက်ပြခဲ့ပါသည်။

ကမ္ဘာလုံးဆိုင်ရာ တိုးတက်မှုမှာ ၂၀၂၆ ခုနှစ်အတွင်း ၂.၆ % နှင့် ၂၀၂၇ ခုနှစ်တွင်၂.၇ % ရှိလိမ့်မည်ဟုခန့်မှန်းထားပြီး ယခင်ခန့်မှန်းချက်များထက် အနည်းငယ်ပိုမိုမြင့်မားလာခဲ့ပါသည်။ ဤတိုးတက်မှုအများစုမှာ အမေရိကန်တွင် မျှော်မှန်းထားသည်ထက် ပိုမိုအားကောင်းသော စွမ်းဆောင်ရည်ကြောင့်ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ ခန့်မှန်းချက်အဆင့်မြှင့်တင်မှု၏ သုံးပုံနှစ်ပုံနီးပါးရှိပါသည်။

ဤကဲ့သို့ခံနိုင်ရည်ရှိမှုတည်ရှိနေသော်လည်း လက်ရှိဆယ်စုနှစ်သည် ၁၉၆၀ ပြည့်လွန်နှစ်များ၏နောက်ပိုင်း ကမ္ဘာ့တိုးတက်မှုအတွက် အင်အားအနည်းဆုံးသောကာလဖြစ်လိမ့်မည်ဟု ကမ္ဘာ့ဘဏ်က သတိ ပေးခဲ့ပါသည်။ တိုးတက်မှုနှေးကွေးလာခြင်းကြောင့် ဝင်ငွေကွာဟချက်များမှာလည်း ပိုမို၍ ကျယ်ပြန့်လာစေခဲ့ပြီး ဖွံ့ဖြိုးဆဲစီးပွားရေးလုပ်ငန်းများစွာတို့သည် ၂၀၁၉ ခုနှစ်မတိုင်မီက တစ်ဦးချင်းဝင်ငွေအဆင့်ထက် နောက်ကျကျန်နေဆဲဖြစ်ပါသည်။

ဒေသတွင်းအဆင့်တွင် ပင်လယ်ကွေ့ဒေသပူးပေါင်းဆောင်ရွက်ရေးကောင်စီနိုင်ငံများတစ်လျှောက် တိုးတက်မှုမှာ ၂၀၂၆ ခုနှစ်အတွင်း ၄.၄ % နှင့် ၂၀၂၇ ခုနှစ်တွင် ၄.၆ % အထိရောက်ရှိရန် မျှော်လင့်ထားပါ သည်။ အရှေ့အလယ်ပိုင်း၊ မြောက်အာဖရိက၊ အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်ဒေသများတွင် ၂၀၂၆ ခုနှစ်တွင် ၃.၆ % တိုးတက်မည်ဟုခန့်မှန်းထားပြီး နောက်နှစ်တွင် ၃.၉ % အထိ အရှိန်မြှင့်တက်လာလိမ့်မည်ဟု ခန့်မှန်းထားပါသည်။

အလုပ်သမားဈေးကွက်ပျော့ပျောင်းလာခြင်းနှင့် စွမ်းအင်ဈေးနှုန်းများ ကျဆင်းလာခြင်းတို့ကြောင့် ကမ္ဘာလုံးဆိုင်ရာ ငွေကြေးဖောင်းပွမှုမှာ ၂၀၂၆ ခုနှစ်အတွင်း ၂.၆ % အထိလျော့ကျသွားမည်ဟု ခန့်မှန်းထားပါ သည်။ ကုန်သွယ်မှုစီးဆင်းမှုများတည်ငြိမ်လာပြီး မူဝါဒမရေရာမှုများလျော့နည်းလာသည်နှင့်အမျှ ၂၀၂၇ ခုနှစ်တွင် တိုးတက်မှုအရှိန် ပိုမိုမြင့်တက်လာလိမ့်မည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားကြောင်း သတင်းဖော်ပြထားပါသည်။

News Source: Emirates News Agency

(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ အဘူဒါဘီမြို့)

Category: International News