အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်တွင် ၂၀၂၅-၂၆ ဘဏ္ဍာနှစ်အတွက် အာလူးထုတ်လုပ်မှုမှာ တန်ချိန် ၁၄၀ သိန်း မှ ၁၅၀ သိန်းခန့်အထိရှိနိုင်ပြီး ယင်းသည် လွန်ခဲ့သောငါးနှစ်အတွင်း အမြင့်ဆုံးစံချိန်တင်ထုတ်လုပ်မှုဖြစ်လာရန် မျှော်မှန်းထားကြောင်းသိရသည်။ အိန္ဒိယနိုင်ငံ၏ ဒုတိယအကြီးဆုံး အာလူးစိုက်ပျိုးရာဒေသဖြစ်သော အဆိုပါပြည်နယ်၏ လွန်ခဲ့သောနှစ် အာလူးစုစုပေါင်းထုတ်လုပ်မှုမှာ တန်ချိန် ၁၁၅ သိန်းခန့်ရှိခဲ့ပြီး အဆိုပါပမာဏမှာလည်း အထွက်နှုန်းကောင်းမွန်ခဲ့သည့် အခြေ အနေဖြစ်ကြောင်းတွေ့ရှိရသည်။ သင့်တင့်မျှတသော ရာသီဥတုအခြေ အနေများကြောင့် ပြည်နယ်၏အာလူးထုတ်လုပ်မှုနှုန်းမှာ ယခင်နှစ်ထက် ၂၀ ရာခိုင်နှုန်းကျော်တိုးတက်လာမည်ဟု သိရသည်။
“အာလူးရိတ်သိမ်းမှုများ စတင်နေပြီဖြစ်ပြီး ယခုနှစ်တွင် အာလူးတန်ချိန် သိန်း ၁၄၀ မှ ၁၅၀ ခန့်အထိထွက်ရှိရန် မျှော်မှန်းထားပါတယ်။ ပြည်နယ်အတွင်းရှိအာလူးစိုက်ပျိုးရာဒေသများတွင် ရာသီဥတုသာယာကောင်းမွန် မှုကြောင့် ထုတ်လုပ်မှုနှုန်းစံချိန်တင်မြင့်တက်လာခြင်းဖြစ်ပါတယ်။ ထို့ပြင် စိုက်ပျိုးဧရိယာလည်း အနည်းငယ်တိုးတက်လာပါတယ်။” ဟု အနောက်ဘင်္ဂလားပြည်နယ် အအေးခန်းသိုလှောင်ရုံများအသင်း(West Bengal Cold Storage Association)၏ အဆင့်မြင့်အဖွဲ့ဝင်ဖြစ်သူ Patit Paban De က Businessline သတင်းဌာနသို့ ပြောကြားခဲ့သည်။
၂၀၂၄-၂၅ ဘဏ္ဍာနှစ်တွင် အာလူးစိုက်ပျိုးဧရိယာမှာ ဟက်တာ ၅ ဒသမ ၁၂ သိန်းခန့်ရှိခဲ့ကြောင်းသိရသည်။ အနောက်ဘင်္ဂလားပြည်နယ် တောင်ပိုင်းရှိ Hooghly၊ Bardhaman နှင့် Paschim Medinipur ခရိုင်သုံးခုမှာ အဆိုပါပြည်နယ်တွင် အာလူးအများဆုံးစိုက်ပျိုးသည့်ခရိုင်များဖြစ် ကြောင်း သိရသည်။ အဆိုပါအာလူးရိတ်သိမ်းမှုရာသီသည် မတ်လအထိ ဆက်လက်ဖြစ်ပေါ်နေမည်ဖြစ်ကြောင်း သိရသည်။
ပြည်နယ်အစိုးရသည် အာလူးများစတင်သိုလှောင်မည့် မတ်လ ၁ ရက်နေ့မှစ၍ အအေးခန်းသိုလှောင်ရုံများကို ဖွင့်လှစ်ရန် ပိုင်ရှင်များအား ညွှန်ကြားထားကြောင်းသိရသည်။ လက်ရှိတွင် အဆိုပါပြည်နယ်၌ အအေးခန်းသိုလှောင်ရုံပေါင်း ၅၈၀ ခုခန့်ရှိပြီး ၎င်းတို့အနက် အများစုမှာ အာလူးများ သိုလှောင်ရန်အတွက် အသုံးပြုခြင်းဖြစ်ကြောင်းသိရသည်။ လက်ရှိတွင် အာလူးသိုလှောင်နိုင်သည့် စုစုပေါင်းပမာဏမှာ တန်ချိန် ၇၀ မှ ၈၀ သိန်းခန့်ရှိကြောင်း သိရသည်။
“အာလူးထုတ်လုပ်မှုက တန်ချိန် ၁၄၀ မှ ၁၅၀ သိန်းခန့်အထိ တိုးတက်လာမည်ဟု မျှော်မှန်းထားတာကြောင့် ယခုနှစ်တွင် အအေးခန်းသိုလှောင်ရုံနေရာလုံလောက်မှုမရှိသည့် အခက်အခဲနှင့် ရင်ဆိုင်ရနိုင်ပါတယ်။” ဟု ၎င်းက ပြောကြားခဲ့သည်။
အနောက်ဘင်္ဂလားပြည်နယ် အအေးခန်းသိုလှောင်ရုံများအသင်း၏အဆိုအရ ပြည်နယ်အတွင်း ပျမ်းမျှလစဉ်အာလူးစားသုံးမှုမှာ တန်ချိန် ၆ သိန်းခန့်ရှိသဖြင့် ယခုနှစ်တွင် အာလူးတန်ချိန် ၆၈ သိန်းခန့် ပိုလျှံနိုင်ဖွယ်ရှိကြောင်းသိရသည်။ ထို့ကြောင့် ပြည်နယ်အစိုးရအနေဖြင့် ပြည်နယ်အချင်းချင်း ကုန်သွယ်မှုလုပ်ငန်းများကို အကြီးအကျယ်လွယ်ကူချောမွေ့အောင်ဆောင်ရွက်ပေးရန် လိုအပ်လျက်ရှိ ကြောင်းသိရသည်။ ပြည်နယ်အတွင်းရှိ အအေးခန်းသိုလှောင်ရုံတိုင်းသည် အခြေခံတောင်သူများ အရှုံးခံရောင်းချရခြင်းမှ ကာကွယ်နိုင်ရန်အတွက် သိုလှောင်ရုံနေရာ၏ ၃၀ ရာခိုင်နှုန်းကို အဆိုပါတောင်သူများအတွက် သီးသန့်ဖယ်ထားပေးရမည်ဟု ပြည်နယ်အစိုးရက ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။
Source: The Hindu Businessline, West Bengal potato production to hit 140–150 lakh tonnes in 2025-26, 5-year High, February 17, 2026.
(ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)