၂၀၂၄ ခုနှစ်တွင် ဂျပန်နိုင်ငံ၏လူဦးရေမှာ ၉၀၈,၀၀၀ နီးပါးကျဆင်းခဲ့ပြီး လူဦးရေ ၁၂၀,၆၅၃, ၂၂၇ ဦးရှိခဲ့ကာ ၁၆ နှစ်ဆက်တိုက်ကျဆင်းခဲ့ကြောင်းနှင့် ၁၉၆၈ ခုနှစ်မှစတင်၍ အများဆုံးကျဆင်းခဲ့ကြောင်း ၆-၈-၂၀၂၅ ရက်နေ့ထုတ် The Mainichi သတင်းစာတွင် “Japanese population down record 900,000, 16th straight yr of decline” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။
အဆိုပါသတင်းတွင် ဂျပန်နိုင်ငံ၌ လူဦးရေကျဆင်းလာခြင်းနှင့် ကလေးမွေးဖွားနှုန်းကျဆင်းလာမှုတို့ကို ကျော်လွှားနိုင်ရေးအတွက် ဂျပန်အစိုးရအနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ထို့အတူ ဂျပန်နိုင်ငံတွင် နိုင်ငံခြားသားလူဦးရေများပြားလာမှုအပေါ် စိုးရိမ်မှုများမြင့်တက်လျက်ရှိကြကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် နိုင်ငံခြားသားများအပါအဝင် ဂျပန်နိုင်ငံရှိ လူဦးရေမှာ ၁၂၄, ၃၃၀,၆၉၀ ဦးဖြစ်ပြီး၊ လူဦးရေ ၅၅၄,၀၀၀ ဦးလျော့နည်းခဲ့ကြောင်း ဂျပန်နိုင်ငံ ပြည်ထဲရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားကြောင်း ဖော်ပြထားပါသည်။
ဂျပန်နိုင်ငံတွင် ဂျပန်နိုင်ငံသားဦးရေ ကျဆင်းလာလျက်ရှိသော်လည်း ဂျပန်နိုင်ငံတွင် နေထိုင်သည့်နိုင်ငံခြားသားဦးရေမှာ များပြားလာလျက်ရှိပြီး၊ ၃,၆၇၇,၄၆၃ ဦးရှိကြောင်းနှင့် နိုင်ငံခြားသားအရေအတွက်ကို စစ်တမ်းစတင်ကောက်ယူခဲ့သည့် ၂၀၁၃ ခုနှစ်မှစတင်၍ အများဆုံးဖြစ်ခဲ့ကြောင်းနှင့် နိုင်ငံခြားသားဦးရေမှာ ၃၅၄, ၀၈၉ ဦး(သို့မဟုတ်) ၁၀.၆၅ ရာခိုင်နှုန်းများပြားလာခဲ့ကြောင်း ဖော်ပြထားပါသည်။
ပြည်နယ်အလိုက်ကြည့်မည်ဆိုပါက ဂျပန်နိုင်ငံမြောက်ဘက်စွန်းရှိ ဟော့ကိုင်းဒိုးပြည်နယ်တွင် နိုင်ငံခြားသားဦးရေတိုးတက်လာမှုမှာ အများဆုံးဖြစ်ခဲ့ပြီး၊ ၁၉.၅၇ ရာခိုင်နှုန်းများပြားခဲ့ကြောင်း၊ နိုင်ငံခြားသားနေထိုင်သူများ၏ ၈၅.၇၇ ရာခိုင်နှုန်းမှာ အလုပ်လုပ်ကိုင်နိုင်သည့် အသက်အရွယ်များဖြစ်ကြကြောင်း၊ ဂျပန်နိုင်ငံတွင် လူဦး ရေကျဆင်းကာ လုပ်သားပြတ်လပ်မှုများဖြစ်ပေါ်နေမှုကို ဖြေရှင်းနိုင်ရေးအတွက် နိုင်ငံခြားသားအလုပ်သမားများခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်၌ ဂျပန်နိုင်ငံတွင် ကလေးမွေးဖွားမှုနှုန်းမှာ စံချိန်တင်အနည်းဆုံးဖြစ်ခဲ့ပြီး ၆၈၇,၆၈၉ ဦးရှိခဲ့ကြောင်းနှင့် ဂျပန်နိုင်ငံတွင် သေဆုံးသူအရေအတွက်မှာ ၁.၅၉ သန်းရှိခဲ့ပြီး စံချိန်တင်အများဆုံးဖြစ်ခဲ့ကြောင်း ဖော်ပြထားပါသည်။
ဂျပန်နိုင်ငံ အခိတပြည်နယ်နှင့် အအိုမိုရိပြည်နယ်များတွင် လူဦးရေအများဆုံးကျဆင်းခဲ့ပြီး၊ ၁.၉၁ ရာခိုင်နှုန်းနှင့် ၁.၇၂ ရာခိုင်နှုန်းအသီးသီးရှိခဲ့ကြောင်း၊ ထို့နောက် ခိုချိပြည်နယ်သည် လူဦးရေကျဆင်းမှုတတိယအများဆုံးဖြစ်ခဲ့ကာ ၁.၇၁ ရာခိုင်နှုန်းရှိခဲ့ကြောင်း၊ ဂျပန်တစ်နိုင်ငံလုံးအနေဖြင့် လူဦးရေကျဆင်းမှုမှာ ၀.၇၅ ရာခိုင်နှုန်းရှိခဲ့ကြောင်းနှင့် တိုကျိုတွင် ဂျပန်နိုင်ငံသားဦးရေမှာ ၀.၁၃ ရာခိုင်နှုန်းများပြားလာခဲ့ကြောင်း၊ နိုင်ငံခြားသားအပါအဝင် စုစုပေါင်းလူဦးရေမှာ တိုကျိုနှင့်ချိဘပြည်နယ်တို့တွင် များပြားလာခဲ့ကြောင်း၊ ဂျပန်နိုင်ငံတွင် အသက် ၆၅ နှစ်နှင့်အထက်လူဦးရေမှာ ၂၉.၅၈ ရာခိုင်နှုန်းရှိပြီး၊အသက် ၁၅ နှစ်မှ ၆၄ နှစ်အကြား လူဦးရေမှာ ၅၉.၀၄ ရာခိုင် နှုန်းရှိကြောင်းနှင့် ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက အနည်းငယ်မြင့်တက်လာခဲ့ကြောင်း ဖော်ပြထားပါသည်။
(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)