မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်လယ်လ်ဒူဟိုမာ(Lalduhoma)က ၎င်း၏ပြည်နယ်သည် ဧည့်သည်ရောက်ရှိမှုနှုန်း ထူးခြားစွာမြင့်တက်လာခဲ့ခြင်းကြောင့် ပြီးခဲ့သည့်နှစ်က အရှေ့မြောက်ပိုင်းဒေသရှိ ထိပ်တန်းခရီးသွားနေရာများထဲမှ တစ်ခုအဖြစ် ရပ်တည်ခဲ့သည်ဟု ပြောကြားခဲ့သည်။
ချမ်ဖိုင်း(Champhai)ခရိုင်ရှိ Hnahsin(cosmos flower)ပွဲတော်တွင် မိန့်ခွန်းပြောကြားရာ၌ လယ်လ်ဒူဟိုမာက ၂၀၂၄ ခုနှစ်တွင် ခရီးသွား ၅ ဒသမ ၂ သိန်းကျော် မီဇိုရမ်သို့ လာရောက်ခဲ့ပြီး ယခင်နှစ်ထက် ၁၃၉ ဒသမ ၅ ရာခိုင်နှုန်းတိုးလာကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ ၎င်းက အသစ်ဖွင့်လှစ်လိုက်သော ဘိုင်ရာဘီ-ဆိုင်ရမ်း (Bairabi–Sairang)မီးရထားလမ်းကြောင့် ဆက်သွယ်မှု ပိုမိုကောင်းမွန်လာခြင်းနှင့်အတူ ဧည့်သည်အရေအတွက် ဆက်လက်တိုးတက်လာမည်ဟု အကောင်းမြင် ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
အဆိုပါမီးရထားလမ်းကို ဝန်ကြီးချုပ်နာရင်ဒြာမိုဒီက စက်တင်ဘာလ ၁၃ ရက်နေ့တွင် ဖွင့်လှစ်ပေးခဲ့ပြီး မီဇိုရမ်၏မြို့တော်အိုက်ဇောလ်(Aizawl)အား အာသံပြည်နယ်ရှိ ဆီလ်ချာမြို့(Silchar)မှတစ်ဆင့် အိန္ဒိယနိုင်ငံ၏ အခြားဒေသများနှင့် ချိတ်ဆက်ပေးခဲ့ကြောင်းသိရသည်။ ယင်းသည် အဆိုပါတောင်တန်းပြည်နယ်အား နိုင်ငံတော် ၏မီးရထားမြေပုံပေါ်သို့ ပထမဆုံးအကြိမ် ခိုင်မာစွာနေရာချပေးလိုက်ခြင်းဖြစ် သည်။ ၎င်းက အဆိုပါစီမံကိန်းသည် အိန္ဒိယမီးရထားသမိုင်းတွင် စိန်ခေါ်မှုအရှိဆုံး လုပ်ငန်းများထဲမှ တစ်ခုဖြစ်သည်ဟု ပြောကြားခဲ့သည်။
ဝန်ကြီးချုပ်က "ဆက်သွယ်မှုများတိုးတက်လာခြင်းနှင့်ခရီးသွားကဏ္ဍကို ခိုင်မာအောင် ကျွန်တော်တို့၏ကြိုးပမ်းအားထုတ်မှုများကြောင့် မီဇိုရမ်သည် အရှေ့ မြောက်ပိုင်းဒေသတွင် ပိုမိုနှစ်သက်သော နေရာတစ်ခုဖြစ်လာသည်" ဟု ပြောကြားခဲ့သည်။
ခရီးသွားလုပ်ငန်း၏ စီးပွားရေးအလားအလာကို မီးမောင်းထိုးပြကာ ၎င်းက ပြည်သူ များအား ပြည်နယ်၏သဘာဝအလှကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ရိုးသားမှု၊ ဧည့်ဝတ်ကျေပွန်မှု၊ သက်ကြီးရွယ်အိုများကို လေးစားမှုတို့ဖြင့် ထင်ရှားသော မီဇိုလူမျိုးတို့၏ နေထိုင်မှုပုံစံကို ပြသရန် တိုက်တွန်းခဲ့သည်။ ၎င်းက"ကျွန်တော်တို့ ပြည်နယ်သို့ ခရီးသွားများလာရောက်သည့်အခါ ကိုယ်ကျိုးမဖက် ဝန်ဆောင်မှုနှင့် ပြင်ပကလာရောက်သူများအပေါ် ဖော်ရွေသော မီဇိုကျင့်ဝတ်များကို ပြသသင့်သည် "ဟု ထပ်လောင်းပြောကြားခဲ့သည်။
မီဇိုရမ်ပြည်နယ်၏ ကြွယ်ဝသော အမွေအနှစ်နှင့် သမိုင်းဝင်ဆွဲဆောင်မှုများကို အလေးပေးပြောကြားရာတွင် ၎င်းက ခရီးသွားလုပ်ငန်းသည် ပြည်နယ်မှ စီးဆင်းထွက်သွားသော ငွေကြေးများကို ပြန်လည်ရယူရာ၌ အရေးပါသောအခန်းကဏ္ဍမှ ပါဝင်နိုင်သည်ဟုပြောကြားခဲ့သည်။ "မီဇိုရမ်ရဲ့ ငွေကြေးအများအပြားဟာ ပြည်နယ် အပြင်ဘက်ကို စီးဆင်းထွက်သွားခဲ့ပါတယ်။ ကျွန်တော်တို့အနေဖြင့် ခရီးသွားလုပ်ငန်းမှတစ်ဆင့် အဆိုပါငွေကြေးများကို ပြန်လည်ရရှိရန် နည်းလမ်းများရှာဖွေရမည်" ဟု ၎င်းက ပြောကြားခဲ့သည်။
လယ်လ်ဒူဟိုမာက ဒေသခံအရင်းအမြစ်များကို ပညာရှိစွာ အသုံးပြုရန်နှင့် အဆိုပါလုပ်ငန်းကို မြှင့်တင်ရန် စိတ်ရင်းမှန်ဖြင့် လုပ်ဆောင်ကြရန် ခရီးသွားလုပ်ငန်း၏ စီးပွားရေးအကျိုးကျေးဇူးများကို ကိုးကား၍ ပြည်သူများကို တိုက်တွန်းခဲ့သည်။ အဆိုပါပွဲတော်အတွင်း ပြည်နယ်ခရီးသွားလာရေးဌာနနှင့် သဘာဝပတ်ဝန်းကျင်၊ သစ်တောနှင့် ရာသီဥတုပြောင်းလဲမှုဌာနတို့သည် သဘာဝပတ်ဝန်းကျင်ခရီးသွားလုပ်ငန်းဆိုင်ရာ အစီအစဉ်များကို တိုးတက်စေရန် သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
တရားဝင် အချက်အလက်များအရ ၂၀၂၄-၂၅ ဘဏ္ဍာနှစ်တွင် မီဇိုရမ်သို့ ခရီးသွား ၅ ဒသမ ၂၄ သိန်းခန့်သည် လာရောက်ခဲ့ပြီး ၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင် ၂ ဒသမ ၁၉ သိန်းသာရှိခဲ့ရာမှ တိုးတက်လာခဲ့ခြင်းဖြစ်သည်။ အဆိုပါလာရောက်သူများထဲမှ ၉၈ ဒသမ ၈၇ ရာခိုင်နှုန်းသည် ပြည်တွင်းခရီးသွားများဖြစ်ကြောင်း တွေ့ရှိရသည်။ ယခင်နှစ်များတွင် ခရီးသွားအရေအတွက်မှာ ၂၀၂၂-၂၃ ဘဏ္ဍာနှစ်တွင် ၂ ဒသမ ၂၂ သိန်း၊ ၂၀၂၁-၂၂ ဘဏ္ဍာနှစ်တွင် ၁ ဒသမ ၃၂ သိန်းနှင့် ကိုဗစ်-၁၉ ရောဂါ၏ သက်ရောက်မှုရှိခဲ့သော ၂၀၂၀-၂၁ ဘဏ္ဍာနှစ်တွင် ၂၀,၅၆၄ ဦးသာရှိခဲ့ကြောင်း သိရသည်။
အရာရှိများက အိုက်ဇောလ်မြို့အနီးရှိ ဆိုင်ရမ်းမြို့(Sairang)အထိ မီးရထားလမ်း ဖွင့်လှစ်လိုက်ခြင်းကြောင့် ပြည်နယ်၏ ဆက်သွယ်မှုနှင့် သွားလာရလွယ်ကူမှုတို့ တိုးတက်လာမည်ဖြစ်ပြီး လက်ရှိဘဏ္ဍာနှစ်တွင် ခရီးသွားရောက်ရှိမှုနှုန်းသည် ပိုမိုမြင့်တက်လာရန် မျှော်မှန်းထားကြောင်း ပြောကြားခဲ့သည်။
Source: (1) India TodayNE, Mizoram emerges as top tourist destination in Northeast, records 139.5% rise in visitors, October 15, 2025.
(2) EastMojo, Mizoram sees 139.5% surge in tourist footfall in 2024-25, October 15, 2025.
(ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)