ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး Gan Siow Huang က ISAS-NUS 2nd India-Singapore Futures Forum ကို "အစိတ်စိတ်အမြွှာမြွှာဖြစ်နေသောကမ္ဘာ့စီးပွားရေးတွင် အိန္ဒိယ-စင်ကာပူ ပူးပေါင်းဆောင်ရွက်မှုဖြင့် အစိမ်းရောင်ကူးပြောင်းမှုများကို အရှိန်မြှင့်တင်ခြင်း"ဆိုသည့်ဆောင်ပုဒ်ဖြင့် ကျင်းပခြင်းဖြစ်ပြီး အဆိုပါဆောင်ပုဒ်သည် လက်ရှိကမ္ဘာ့အခြေ အနေများနှင့်အလွန်ကိုက်ညီပြီး ထိရောက်မှုရှိပါကြောင်း၊ ကမ္ဘာတစ်ဝှမ်းရှိအစိုးရများအားလုံးသည် ရေရှည်တည်တံ့ခိုင်မြဲမှု၊ စွမ်းအင်လုံခြုံစိတ်ချရမှုနှင့် ဈေးနှုန်းသက်သာမှုတို့ကို မျှတအောင်ထိန်းညှိလျက် ကာဗွန်နည်းပါးသော စွမ်းအင်စနစ်များဆီသို့ ကူးပြောင်းခြင်းကို အရှိန်မြှင့်တင်နိုင်ရေး တူညီသောအခြေခံစိန်ခေါ်မှုတစ်ရပ်ကို ရင်ဆိုင်ဖြေရှင်းနေကြပြီး အဆိုပါစွမ်းအင်ဆိုင်ရာ သုံးပွင့်ဆိုင်အခက်အခဲ(Energy Trilemma) သည် စင်ကာပူနိုင်ငံအတွက်လည်း ဖြေရှင်းရမည့် အခက်အခဲဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
စွမ်းအင်ကဏ္ဍနှင့်စပ်လျဉ်း၍ ပြည်တွင်း၌ စွမ်းအင်အရင်းအမြစ် ကန့်သတ်ချက်ရှိသော စင်ကာပူနိုင်ငံသည် အသုံးပြုသည့်စွမ်းအင်အားလုံးနီးပါးကို ပြည်ပမှတင်သွင်းနေရပါကြောင်း၊ လျှပ်စစ်ဓာတ်အား နှင့်စက်မှုကဏ္ဍများသည် ကာဗွန်ထုတ်လွှတ်မှုစုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းခန့်ရှိနေပါကြောင်း၊ စွမ်းအင်စနစ်ကို စိတ်ချရမှုရှိစေရန်၊ ရေရှည်တည်တံ့စေရန်နှင့် ဈေးနှုန်းသက်သာမှုရှိစေရန် ရည်မှန်းလျက် ၂၀၅၀ ပြည့်နှစ်တွင် ကာဗွန်ထုတ်လွှတ်မှုလုံးဝမရှိစေရေး(Net Zero Emissions)ပန်းတိုင်သို့ ရောက်ရှိရန်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အဓိကအချက် ၄ ချက်ဖြစ်သည့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု၏ ၉၅ ရာခိုင်နှုန်းခန့်ကို ထုတ်လုပ်ပေးနေသောသဘာဝဓာတ်ငွေ့ကို ယာယီကူးပြောင်းလောင်စာအဖြစ် ဆက်လက်အသုံးပြုရန်၊ အမျိုးသားအဆင့်ရည်မှန်းချက်တွင် နေရောင် ခြည်စွမ်းအင်သုံးစွဲမှုကို ၂၀၃၀ ပြည့်နှစ်တွင် 2 GWp မှ 3 GWp အထိ ဖြစ်လာစေရန်၊ နိုင်ငံများနှင့် ကုမ္ပဏီများကို ကာဗွန်နည်းပါးသော လျှပ်စစ်သွင်းကုန်များဖြစ်စေရေး သတ်မှတ်၍ လိုင်စင်များနှင့် အတည် ပြုချက်များကို ထုတ်ပေးရန်နှင့် ကာဗွန်နည်းပါးသည့် အစားထိုးစွမ်းအင်များအဖြစ် ဟိုက်ဒရိုဂျင်နှင့် အမိုးနီးယားကဲ့သို့သောဓာတုပစ္စည်းများတွင် ရင်းနှီးမြှုပ်နှံရန် ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။
ရင်းနှီးမြှုပ်နှံမှုအပိုင်းတွင် စင်ကာပူနိုင်ငံသည် အိန္ဒိယနိုင်ငံ၏အကြီးမားဆုံးသော ရင်းနှီးမြှုပ်နှံသည့်နိုင်ငံဖြစ်၍ အိန္ဒိယနိုင်ငံရှိ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုစုစုပေါင်း၏ ၄ ပုံ တစ်ပုံခန့်ရှိပါကြောင်း၊ အိန္ဒိယ-စင်ကာပူဝန်ကြီးအဆင့်စကားဝိုင်းဆွေးနွေးပွဲ India-Singapore Ministerial Roundtable(ISMR) ကျင်းပပြုလုပ်၍ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုခိုင်မာအားကောင်းလာစေရေး ဆောင်ရွက်မည်ဖြစ်ပါ ကြောင်း၊ အိန္ဒိယနိုင်ငံ၏ စီးပွားရေးအရှိန်အဟုန်မြင့်မားမှုနှင့် စင်ကာပူနိုင်ငံ၏ ကမ္ဘာ့စီးပွားရေးလုပ်ငန်းများပေါင်းဆုံရာဗဟိုချက်တို့ ပူးပေါင်းလုပ်ဆောင်မည်ဆိုပါက ကဏ္ဍများစွာအတွက် ပိုမိုပူးပေါင်းလာနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားပါသည်။
ကာဗွန်ထုတ်လွှတ်မှုနည်းပါးသည့် အစိမ်းရောင်ကူးပြောင်းခြင်းဆိုင်ရာ အစီအမံများနှင့်စပ်လျဉ်း၍ Singapore-India Green and Digital Shipping Corridor လုပ်ငန်းအစီအစဉ်အရ ရေကြောင်းသွားလာမှုကဏ္ဍတွင် ကာဗွန်ထုတ်လွှတ်မှုပမာဏ သုည သို့မဟုတ် သုညနီးပါးဖြစ်လာစေရေး နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ စင်ကာပူနိုင်ငံမှ စွမ်းအင်ဆိုင်ရာ ကုမ္ပဏီများဖြစ်သည့် Sembcorp ကဲ့သို့ကုမ္ပဏီများက အိန္ဒိယနိုင်ငံ၏ကာဗွန်လျှော့ချရေး ဆောင်ရွက်ချက်များတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာ ရင်းနှီးမြှုပ်နှံများ လုပ်ကိုင်လျက်ရှိပါကြောင်းပြောကြားပါသည်။
စင်ကာပူနိုင်ငံသည် နည်းပညာတိုးတက်ဖြစ်ထွန်းပြီး ငွေကြေးအင်အားခိုင်မာတောင့်တင်းသည့် နိုင်ငံဖြစ်သော်လည်း ၎င်း၏စွမ်းအင်လိုအပ်ချက်ကိုဖြည့်တင်းရန် ပြည်ပနိုင်ငံများကိုမှီခိုရသည့်အနေအထား ဖြစ်ပါသည်။ နိုင်ငံအတွင်းအသုံးပြုရန် လျှပ်စစ်စွမ်းအင်ကို သဘာဝ ဓာတ်ငွေ့မှရရှိသည့်အတွက် အိမ်နီးချင်း မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှား နိုင်ငံတို့မှ ပိုက်လိုင်းဖြင့်သွယ်တန်း၍လည်းကောင်း၊ အမေရိကန်ပြည်ထောင်စု၊ ဩစတြေးလျနိုင်ငံနှင့် ကာတာနိုင်ငံများထံမှ Liquefied Natural Gas(LNG)ပုံစံဖြင့်လည်းကောင်း ဝယ်ယူအသုံးပြုလျက်ရှိပါ သည်။
(ဧဧသန့်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)