ထိုင်းနိုင်ငံ တောင်ပိုင်းဒေသတွင် တံတားစီမံကိန်းကြီး(၂)ခုအား ၂၀၂၆ ခုနှစ် ဇွန်လအတွင်း ဆောက်လုပ်ရေးစာချုပ်ချုပ်ဆိုနိုင်ရန် ပြင်ဆင်နေကြောင်း ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးဝန်ကြီး Mr. Phiphat Ratchakitprakarn က ပြောကြားခဲ့သည်။ အဆိုပါစီမံကိန်းများမှာ Krabi ပြည်နယ်ရှိ Koh Lanta တံတားစီမံကိန်းနှင့် Songkhla နှင့် Phatthalung ပြည်နယ်များကို ချိတ်ဆက်မည့် Songkhla Lake Bridge စီမံကိန်းတို့ဖြစ်သည်။
စီမံကိန်း(၂)ခု၏ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုတန်ဖိုးမှာ ဘတ် ၆.၅ ဘီလီယံခန့်ရှိပြီး ပတ်ဝန်းကျင်နှင့် ရေကြောင်းသဘာဝထိန်းသိမ်းရေးဆိုင်ရာလုပ်ငန်းများအတွက် ထပ်မံ၍ ဘတ်သန်း ၄၀၀ ကို ခွဲဝေသတ်မှတ်ထားကြောင်း သိရသည်။
ထိုင်းကျေးလက်လမ်းဦးစီးဌာန(Department of Rural Roads–DRR) အနေဖြင့် ကန်ထရိုက်တာရွေးချယ်ရေးလုပ်ငန်းများပြီးစီးပြီးနောက် စီမံ ကိန်းများအား ကမ္ဘာ့ဘဏ်ချေးငွေအတည်ပြုချက်ရရှိရန် ဘဏ္ဍာရေးဝန်ကြီးဌာန၏ နောက်ဆုံးအဆင့်စိစစ်မှုသို့ တင်ပြထားကြောင်းသိရသည်။ အဆိုပါစီမံကိန်းများကို ၂၀၂၉ ခုနှစ်တွင်ပြီးစီးရန် မျှော်မှန်းထား သည်။
ယင်းစီမံကိန်းများသည် ပတ်ဝန်းကျင်ထိခိုက်မှုအပေါ်စိုးရိမ်မှုများကြောင့် ယခင်က နှောင့်နှေးခဲ့ရပြီး အထူးသဖြင့် Songkhla Lake အတွင်းနေထိုင်သည့် ရှားပါး Irrawaddy dolphins များကို ကာကွယ် ထိန်းသိမ်းရေးနှင့်ပတ်သက်၍ ကမ္ဘာ့ဘဏ်ဘက်မှ စိုးရိမ်မှုများရှိခဲ့သည်။ Songkhla Lake တွင် လက်ရှိ Irrawaddy dolphins ကောင်ရေ ၁၄ မှ ၂၀ ခန့်သာကျန်ရှိနေပြီး ကမ္ဘာပေါ်တွင် ယင်းမျိုးစိတ်နေထိုင်သည့် နေရာ ၅ ခုအနက် တစ်ခုဖြစ်ကြောင်း အာဏာပိုင်များက ခန့်မှန်းထား သည်။
ယင်းအခြေအနေကိုဖြေရှင်းနိုင်ရန် ထိုင်းအစိုးရက dolphin ထိန်းသိမ်းမွေးမြူရေးစင်တာ၊ ရေကြောင်းပတ်ဝန်းကျင်စီမံခန့်ခွဲမှုစနစ်များနှင့် သွေးနီးဆက်စပ်မွေးဖွားမှုကြောင့်ဖြစ်ပေါ်လာသည့် မျိုးဗီဇအားနည်း ချက်များကို လျှော့ချနိုင်ရန် artificial insemination technology များအတွက် ဘတ်သန်း ၄၀၀ ထပ်မံခွဲဝေထားကြောင်းသိရသည်။ Mr. Phiphat က ကမ္ဘာ့ဘဏ်အနေဖြင့် ရေကြောင်းသဘာဝထိန်းသိမ်းရေးအစီအစဉ်ကို ရှင်းလင်းစွာတင်ပြနိုင်မှသာ စီမံကိန်းများအား ငွေကြေးထောက်ပံ့ရန် သဘောတူခဲ့ကြောင်း ပြောကြားခဲ့သည်။
“ဒီစီမံကိန်းတွေဟာ သယ်ယူပို့ဆောင်ရေးချိတ်ဆက်မှုတိုးတက်စေရုံသာမက ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့အတူ အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဆောင်ရွက်နိုင်တဲ့ နမူနာကောင်းတစ်ခုဖြစ်လာမယ်” ဟု Mr. Phiphat က ပြောကြားခဲ့သည်။ ထို့ပြင် ယင်းစီမံကိန်းများကြောင့် ခရီး သွားလုပ်ငန်းတိုးတက်လာခြင်း၊ ဒေသခံပြည်သူများ၏ လူမှုဘဝအရည် အသွေးကောင်းမွန်လာခြင်းနှင့် တောင်ပိုင်းဒေသစီးပွားရေးဖွံ့ဖြိုး တိုးတက်လာခြင်းတို့ကို အထောက်အကူပြုနိုင်မည်ဟုလည်း ၎င်းက ဆိုသည်။
စီမံကိန်းနှစ်ခုအနက် Songkhla Lake Bridge စီမံကိန်းမှာ အကြီးဆုံးဖြစ်ပြီး ဘတ် ၄.၇ ဘီလီယံတန်ဖိုးရှိသည်။ ၇ ကီလိုမီတာရှည်လျားမည့် အဆိုပါတံတားသည် Phatthalung ပြည်နယ် Khao Chaison ခရိုင်နှင့် Songkhla ပြည်နယ် Krasae Sin ခရိုင်တို့ကို ချိတ်ဆက်ပေးမည်ဖြစ်ပြီး လက်ရှိ ကန်ပတ်လည်ခရီးအကွာအဝေး ၈၀ ကီလိုမီတာခန့်မှ ၇ ကီလို မီတာခန့်အထိလျှော့ချနိုင်မည်ဖြစ်သည်။
တံတားတွင်ယာဉ်သွားလာလမ်းကြောင်း(၂)လမ်းပါဝင်မည်ဖြစ်ပြီး ဒေသ ခံယဉ်ကျေးမှုအမှတ် လက္ခဏာများကို ထင်ဟပ်စေရန် cable-stayed bridge နှင့် concrete box-girder bridge ဒီဇိုင်းများကို အသုံးပြုတည်ဆောက်သွားမည်ဖြစ်သည်။ ထို့ပြင် Highway No.4 နှင့် Highway No.408 တို့ကိုချိတ်ဆက်မည့်လမ်းများကိုလည်း ထည့်သွင်းတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
(ကိုးကား Bangkok Post)
(ရည်မွန်လှိုင်၊ စီးပွားရေးသံမှူး၊ ဘန်ကောက်မြို့)