လက်ရှိ ကမ္ဘာ့ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုလောကတွင် ဆယ်စုနှစ်များစွာအတွင်း အကြီးမားဆုံးသော နည်းပညာအသွင်ကူးပြောင်းမှုကြီးတစ်ခုစတင်နေပြီဖြစ်သည်။ ယင်းမှာ အခြားမဟုတ်ဘဲ ပုံမှန်ပိုင်ဆိုင်မှုများဖြစ်သည့် အစုရှယ်ယာ(Stocks)၊ ကော်ပိုရိတ်ဘွန်း(Bonds)၊ ရွှေနှင့် အိမ်ခြံ မြေ(Real Estate) စသည့်ရုပ်ဝတ္ထုပိုင်ဆိုင်မှုများကို ဘလော့ချိန်း (Blockchain)ကွန်ရက်ပေါ်သို့ ရွှေ့ပြောင်းကာ ဒစ်ဂျစ်တယ်တိုကင် (DigitalTokens)များအဖြစ်ပြောင်းလဲပိုင်ဆိုင်စေသည့် "Tokenisation" (Real-World Asset Tokenisation - RWA)စနစ်ပင်ဖြစ်သည်။ ထိုင်းနိုင်ငံ၏ ဘဏ္ဍာရေးကဏ္ဍသည်လည်း ဤရေစီးကြောင်းနောက်သို့ အရှိန် အဟုန်ပြင်းပြင်းဖြင့်လိုက်ပါနေပြီး ၎င်းကို Traditional Finance 2.0(ပုံမှန်ဘဏ္ဍာရေးဗားရှင်း ၂.၀) ဟု ပညာရှင်များက တင်စားခေါ်ဝေါ်နေကြပြီဖြစ်သည်။
ကြားခံမလိုသည့် တိုက်ရိုက်ဘဏ္ဍာရေးစနစ်(Traditional Finance 2.0)
ပုံမှန်ဘဏ္ဍာရေးစနစ်တွင် ရင်းနှီးမြှုပ်နှံသူတစ်ဦးသည် ကမ္ဘာ့အစု ရှယ်ယာများ သို့မဟုတ် အာမခံစာချုပ်များကို ဝယ်ယူရန်အတွက် ပွဲစား (Brokers)၊ အုပ်ထိန်းသူဘဏ်(Custodians)၊ အခြေချရှင်းလင်းရေးအဖွဲ့ (Clearing Houses)နှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်များ စသည့်ကြားခံအဖွဲ့အစည်းပေါင်းများစွာကို ဖြတ်သန်းရလေ့ရှိသည်။ ယင်းကဲ့သို့ဖြတ်သန်းရခြင်းကြောင့် အချိန်ကြန့်ကြာခြင်း၊ ဝန်ဆောင်ခ(Fees) များပြားခြင်းနှင့် ကမ္ဘာ့ဈေးကွက်သို့ တိုက်ရိုက်ဝင်ရောက်ရန် အကန့် အသတ်ရှိခြင်းတို့ကြုံတွေ့ရသည်။
သို့သော် Tokenisation စနစ်အောက်တွင်မူ ကမ္ဘာ့ထိပ်တန်းပိုင်ဆိုင်မှု စီမံခန့်ခွဲမှုကုမ္ပဏီကြီးဖြစ်သော BlackRock ၏ရန်ပုံငွေများ၊ နည်းပညာစတော့ရှယ်ယာများနှင့် အစိုးရဘွန်းစာချုပ်များကို ရင်းနှီးမြှုပ်နှံသူများက ဘလော့ချိန်းနှင့် ချိတ်ဆက်ထားသည့် Application များမှတစ်ဆင့် တိုက်ရိုက်ဝယ်ယူနိုင်တော့မည်ဖြစ်သည်။ ကြားခံအဆင့်ဆင့်ကို ဖြတ်တောက်လိုက်ခြင်းဖြင့် - ကုန်ကျစရိတ်များကို အဆမတန်လျှော့ချနိုင်ခြင်း၊ အရောင်းအဝယ်အခြေချချိန်(Settlement Time)ကို ချက်ချင်းလက်ငင်းဖြစ်စေခြင်း၊ ပုံမှန်စနစ်က မလုပ်ဆောင်နိုင်သည့် ဖြန့်ဝေစီမံနိုင်သောဘဏ္ဍာရေးထုတ်ကုန်များ(Programmable Financial Products) ဖန်တီးနိုင်ခြင်း စသည့်အကျိုးကျေးဇူးများကိုရရှိစေသည်။ ဥပမာအား ဖြင့်- မိမိပိုင်ဆိုင်သည့် တိုကင်ပြုလုပ်ထားသောရွှေ(Tokenised Gold) ကိုဘလော့ချိန်းစနစ်အတွင်းမှာပင် ကာရန်(Collateral)အဖြစ် ချက်ချင်း အသုံးပြုကာ Stablecoin ချေးယူပြီး အခြားရှယ်ယာများတွင် ပြန်လည်ရင်းနှီးမြှုပ်နှံခြင်းမျိုးကို အချိန်ပိုင်းအတွင်း လုပ်ဆောင်နိုင်မည်ဖြစ်သည်။
ပွဲစား (Brokers) များအတွက် ဖြစ်တည်မှုဆိုင်ရာ ခြိမ်းခြောက်မှု
Tokenisation ၏အရှိန်အဟုန်မြင့်တက်လာမှုသည် ထိုင်းနိုင်ငံ၏စတော့ပွဲစားလုပ်ငန်း(Brokerage Industry)အတွက် သောကရောက်စရာမေးခွန်းများကို ဖြစ်ပေါ်စေသည်။ အကယ်၍ ရင်းနှီးမြှုပ်နှံသူများက ပစ္စည်းထုတ်ပေးသူ(Issuer)ထံမှ တိုကင်များကို တိုက်ရိုက်ဝယ်ယူနိုင်ပါက ကြားခံပွဲစားများ၏ အခန်းကဏ္ဍသည် အလွန်သေးငယ်သွားမည်ဖြစ်ပြီး ကုန်သွယ်မှုဝန်ဆောင်ခ(Transaction Fees)အပေါ် အခြေခံထားသည့် ပုံမှန်စီးပွားရေးပုံစံသည် ကွယ်ပျောက်သွားနိုင်သည့် ဖြစ်တည်မှုဆိုင်ရာ အန္တရာယ် (Existential Risk)နှင့် ရင်ဆိုင်နေရသည်။
သို့သော် ဤအလှည့်အပြောင်းသည် ကြားခံအဖွဲ့အစည်းများကို လုံးဝဖျက်ဆီးပစ်မည်မဟုတ်ဘဲ ၎င်းတို့၏အခန်းကဏ္ဍကို အကြီးအကျယ်ပြောင်းလဲပစ်မည်ဖြစ်သည်။အနာဂတ်တွင် ပုံမှန်ဘဏ္ဍာရေးအဖွဲ့အစည်းများသည် ကုန်သွယ်မှုပွဲစားအဖြစ်မှသည် ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှုထိန်းသိမ်းသူများ(Digital Asset Custodians)၊ ဘလော့ချိန်းအခြေခံအဆောက်အအုံထောက်ပံ့သူများ(Infrastructure Providers) သို့မဟုတ် တိုကင်ထုတ်ဝေသည့် Platform များအဖြစ်သို့ ကူးပြောင်းရပ်တည်ကြရမည်ဖြစ်သည်။ ယင်းအပြောင်းအလဲကို အမေရိကန် Wall Street ရှိဘဏ္ဍာရေးလုပ်ငန်းကြီးများကပင် လက်ရှိတွင် အရှိန်မြှင့် ဆောင်ရွက်နေကြပြီဖြစ်သည်။
ကမ္ဘာ့ဈေးကွက်လမ်းကြောင်းနှင့် ထိုင်းနိုင်ငံ၏အနေအထား
လက်ရှိအချိန်တွင် လက်တွေ့ကမ္ဘာ့ပိုင်ဆိုင်မှုများကို ဒစ်ဂျစ်တယ်စနစ်နှင့် ချိတ်ဆက်သည့် RWA ဈေးကွက်သည် ကမ္ဘာတစ်ဝန်းတွင် အမေရိကန်ဒေါ်လာ ဘီလီယံ ၃၀ ဝန်းကျင်အထိ ချဉ်းကပ်လာနေပြီ ဖြစ်သည်။ Solana ကဲ့သို့ဘလော့ချိန်းကွန်ရက်ပေါ်တွင် TSLAx(Tesla)၊ NVDAx (Nvidia)စသည့်တိုကင်ပြုလုပ်ထားသော ရှယ်ယာများကို ကာရန်အဖြစ် အသုံးပြု၍ ငွေချေးယူသည့် စနစ်များအထိ လက်တွေ့အသုံးချမှုများစတင်နေပြီဖြစ်သည်။
ထိုင်းနိုင်ငံအနေဖြင့်လည်း ၎င်း၏အရောင်းအဝယ်သွက်လက်မှု (Liquidity)နှင့် ရင်းနှီးမြှုပ်နှံသူများ ပြည်ပသို့ စီးထွက်မသွားစေရန်အတွက် ၎င်းတို့၏အရင်းအနှီးဈေးကွက်ကို အမြန်ဆုံးခေတ်မီအောင် အဆင့်မြှင့်တင်ရန် ဖိအားပေးခြင်းခံနေရသည်။ ထိုင်းနိုင်ငံတွင် ခိုင်မာ သော စည်းမျဉ်းစည်းကမ်းမူဘောင်များရှိထားပြီးသားဖြစ်သည့်အပြင် ခရစ်ပတိုနှင့် ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှုအသုံးပြုသူ ၅ သန်းကျော်(ဒေသတွင်းအမြင့်ဆုံးနှုန်း)ရှိနေသဖြင့် ဤ Tokenisation စနစ်ကို ထိုင်းစီးပွား ရေးလုပ်ငန်းကြီးများက Web2 အခြေခံအဆောက်အအုံမှ Web3 သို့ကူးပြောင်းရာတွင် မဖြစ်မနေအသုံးပြုရမည့် မဟာဗျူဟာမြောက် ကိရိယာတစ်ခုအဖြစ် သတ်မှတ်လာကြသည်။
နိဂုံး
အနာဂတ်ကာလတွင် ပိုင်ဆိုင်မှုအားလုံးသည် တူညီသောအခြေခံအဆောက်အအုံ(Unified Infrastructure)အောက်တွင် တိုကင်များအဖြစ်သာ တည်ရှိတော့မည်ဟု ပညာရှင်များက ခန့်မှန်းထားသည်။ လာမည့် ၁ နှစ်မှ ၅ နှစ်အတွင်း အရှိန်အဟုန်ပိုမိုမြန်ဆန်လာမည့် ဤ Tokenisation ရေစီးကြောင်းသည် ရိုးရှင်းသောခေတ်ရေစီးကြောင်း (Trend)တစ်ခုမဟုတ်ဘဲ၊ကမ္ဘာ့ဘဏ္ဍာရေးဗိသုကာတစ်ခုလုံးကို မြန်ဆန် မှု၊ ပွင့်လင်းမြင်သာမှုနှင့် လက်လှမ်းမီလွယ်မှုတို့ဖြင့် ပြန်လည်ပုံဖော်မည့် ဘဏ္ဍာရေးအသွင်ပြောင်းလဲမှုကြီးတစ်ခုဖြစ်လာနိုင်ပါသည်။
(မေ ၁၈၊ ကိုးကား Bangkok Post)
(ရည်မွန်လှိုင်၊ စီးပွားရေးသံမှူး၊ ဘန်ကောက်မြို့)