ထိုင်းနိုင်ငံ၏ ဆန်သိုလှောင်မှုလိုအပ်ချက်သည် ပို့ကုန်အတွက် သင့်တင့်မျှတပြီး ဆန်အရည်အသွေးကို မြှင့်တင်ပေးကာ နိုင်ငံ၏စားနပ်ရိက္ခာဖူလုံမှုကို သေချာစေကြောင်း ဆန်စပါးကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
ပို့ကုန်အတွက် သိုလှောင်မှုများလိုအပ်ခြင်းသည် ဆန်အရည်အသွေးနှင့် နိုင်ငံ၏ဂုဏ်သတင်းကို မြှင့်တင်ရန် အထောက်အကူပြုကြောင်း၊ ထိုကဲ့သို့သောသိုလှောင်မှုလိုအပ်ချက်သည် ပိုလျှံဆန်များကို စုပ်ယူရန်ကြားခံအဖြစ်လည်း ဆောင်ရွက်နိုင်ပြီး လယ်သမားများ၏ ဆန်ဈေးနှုန်းများ အလွန်အမင်းလျင်မြန်စွာကျဆင်းခြင်းမှ ကာကွယ်ရန် ကူညီပေးနိုင်ပါကြောင်း၊ ဆန်တင်ပို့သူများအနေဖြင့် အနည်းဆုံးဆန်တန်ချိန်၁၀၀ ကို သိုလှောင်ထားရန်လိုအပ်သောစည်းမျဉ်းသည် ကုန်သည်များအနေဖြင့် ဆန်မရှိသည့်အခြေအနေမှ ကာကွယ်ရန်ရည်ရွယ်ပါကြောင်း၊ တင်ပို့သူ များသည် သိုလှောင်မှုမရှိနေစဉ် ပြည်ပဝယ်ယူမှုအမှာစာများကို လက်ခံရရှိပါက ယင်းမှာယူမှုများကို ဆုံးရှုံးနိုင်ကြောင်း၊ ဆန်ဈေးနှုန်းမြင့်တက် ခြင်းနှင့်ကျဆင်းခြင်းနှစ်မျိုးလုံးတွင် မှာယူမှုပယ်ဖျက်မှုများလည်းဖြစ်ပွား နိုင်ကြောင်း၊ ယခင်က ထိုင်းအစိုးရသည် ဆန်တင်ပို့သူများအနေဖြင့် အမှာစာပယ်ဖျက်ခံရခြင်းမှ ကာကွယ်ရန်အတွက် အနည်းဆုံးဆန်တန်ချိန် ၅၀၀ နှင့်အတူ ငွေကြေးအပ်နှံရန်လိုအပ်ကြောင်း လွတ်လပ်သောပညာရှင်နှင့် ဆန်ကျွမ်းကျင်သူ Somporn Isvilanond က ပြောကြားခဲ့သည်။
ဆန်များကို သိုလှောင်ထားခြင်းဖြင့် နိုင်ငံအနေဖြင့် ပြည်ပသို့ တင်ပို့မည့် ဆန်အရည်အသွေးကို ကြီးကြပ်နိုင်သည့်အပြင်၊ သမိုင်းကြောင်းအရ ဆန်တင်ပို့မှုအချို့ကို ငြင်းပယ်ပြီး အရည်အသွေးညံ့ဖျင်းသောကြောင့် ပြန်လည်ပေးပို့သည်များလည်းရှိကြောင်း၊ပြည်တွင်း၌ဆန်ရောင်းချသော ဆန်ကုန်သည်ငယ်များနှင့် SME လုပ်ငန်းလုပ်ကိုင်သူများသည် အရည် အသွေးစံနှုန်းများနှင့် မကိုက်ညီသေးဘဲ ဆန်တွင် ကျောက်စရစ်နှင့် သဲကဲ့သို့သောမသန့်စင်မှုများရောနှောနေသည်ကို တွေ့ရှိရကြောင်း၊ သိုလှောင်သိမ်းဆည်းခြင်းကုန်ကျစရိတ်နှင့်ပတ်သက်၍ အလတ်စားဆန် စက်များသည် ၎င်းတို့၏ ပုံမှန်ကုန်သွယ်မှုလုပ်ငန်းများ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ဆန်သိုလှောင်မှုများကို သဘာဝအတိုင်းထိန်းသိမ်း ထားကြောင်း၊အစိုးရအနေဖြင့် ဆန်တင်ပို့မှုနှင့်ပတ်သက်၍ SME များကို ပံ့ပိုးလိုပါက အသေးစားနှင့် အလတ်စားလုပ်ငန်းရှင်များအတွက် လမ်း ကြောင်းအသစ်များဖန်တီးပေးရန်လိုအပ်နိုင်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
လက်ရှိတွင် အလတ်စားစီးပွားရေးလုပ်ငန်းအချို့သည် ဆွစ်ဇာလန်သို့ အော်ဂဲနစ်ဆန်တင်ပို့နေသည့် ဥဘွန်ရတ်ချာသာနီရှိ Progressive Organic Agriculture Association အဖွဲ့ဝင်များကဲ့သို့အရည်အသွေးမြင့်အော်ဂဲနစ်ဆန်များကို ပြည်ပဝယ်သူများထံ တင်ပို့နေပြီဖြစ်ကြောင်း၊ ထို့အပြင် ဆန်သိုလှောင်မှုများကို ထိန်းသိမ်းရန်လိုအပ်ချက်သည် ဆန်အမြောက်အမြားထုတ်လုပ်သည့်နှစ်များတွင် ကြားခံသိုလှောင်မှုတစ်ခုဖန်တီးရန်ကူညီပေးပါကြောင်း၊ထိုကဲ့သို့သောသိုလှောင်မှုများသည် ပိုလျှံ သောဆန်များကို စုပ်ယူရန်အရန်အဖြစ်လုပ်ဆောင်ပြီးဈေးကွက်ဈေးနှုန်း များအလွန်အမင်းကျဆင်းခြင်းမှ ကာကွယ်ပေးပါကြောင်း၊ယင်းပြဿနာ ၏သမိုင်းကြောင်းကိုအမှန်တကယ်နားလည်မှုမရှိဘဲ လက်ရှိအခြေအနေ တစ်ခုတည်းကိုသာအခြေခံပြီး မူဝါဒများကို ပြောင်းလဲဖို့ အတင်းအကျပ်တောင်းဆိုသူများသည် နောက်ဆက်တွဲပြဿနာများကို ဖန်တီးလာမည်ဖြစ်ကြောင်း Mr. Somporn သတိပေးခဲ့သည်။
ဆန်တင်ပို့သူများသည် နိုင်ငံ၏ စားနပ်ရိက္ခာဖူလုံရေးကို ကာကွယ်ရင်း ဝယ်ယူသူများအတွက် လုံလောက်သောဆန်ရှိရမည်ဖြစ်ကြောင်း၊ ပုံမှန်အားဖြင့် အလတ်စားနှင့် အကြီးစားပို့ကုန်လုပ်ငန်းရှင်များသည် ဝယ်ယူသူများ၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ကြောင်း အာမခံရန်အတွက် တန်ချိန် ၁၀၀၀ ခန့်သိုလှောင်ထားလေ့ရှိပြီး ယင်းသိုလှောင်မှုသည် ပြည်တွင်းထောက်ပံ့မှု လုံလောက်စွာရရှိစေရန်နှင့် နိုင်ငံ၏ စားနပ်ရိက္ခာဖူလုံရေးကို အားဖြည့်ရန်အတွက်လည်း အရေးကြီးပါကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ဆန်တင်ပို့သူအသေးစားလုပ်ငန်းရှင်များကို ပံ့ပိုးရန်အတွက် ၂၀၂၅ ခုနှစ်တွင် အစီအမံအသစ်များချမှတ်ခဲ့ကြောင်း၊ ၎င်းတို့အတွက် ကုန်ကျစရိတ်များလျှော့ချရန် တရားဝင်သတ်မှတ်ထားသော ဆန်သိုလှောင်မှုကို တန်ချိန် ၅၀၀ မှ ၁၀၀ အထိလျှော့ချခဲ့ပြီး စည်းမျဉ်းသစ်အရ မှတ်ပုံတင်ထားသော ရင်းနှီးမြှုပ်နှံမှုဘတ် ၅ သန်းမှ ၁၀ သန်းအထိရှိသော လုပ်ငန်းများသည် တန်ချိန် ၁၀၀ သိုလှောင်ထားရန်လိုအပ်ကြောင်း ထိုင်းဆန်တင်ပို့သူများအသင်း၏ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ Chookiat Ophaswongse က ဖြည့်စွက်ပြောကြားခဲ့သည်။
ဘတ် ၁၀ သန်းမှ ၂၀ သန်းအထိ ရင်းနှီးမြှုပ်နှံမှုရှိသော ကုမ္ပဏီများသည် တန်ချိန် ၅၀၀ လိုအပ် ချက်ကို ပြည့်မီရမည်ဖြစ်ပြီး ဘတ် ၂၀ သန်းကျော်သောကုမ္ပဏီများသည် တန်ချိန် ၁၀၀၀ သိုလှောင်ထားရမည်ဖြစ် ကြောင်း၊ တောင်သူအဖွဲ့များနှင့် သမဝါယမများအပါအဝင် အသေးစားတင်ပို့သူများသည် ယင်းအမိန့်ကို လိုက်နာရန် မလိုအပ်ပါကြောင်း၊ တန်ချိန် ၁၀၀ မှ ၂၀၀ အထိ ကိုင်တွယ်သော အသေးစားပို့ကုန်လုပ်ငန်းရှင်များသည် ဆန်ရောင်းချနိုင်ပြီး ဆန်ကုန်သွယ်မှုကို အရွယ်အစားအမျိုးမျိုးရှိသော ပို့ကုန်လုပ်ငန်းရှင်များအတွက် ရရှိနိုင်ပါကြောင်း၊ ထိုင်းဆန်တင်ပို့မှု၏ယှဉ်ပြိုင်နိုင်စွမ်းကို အဟန့်အတားဖြစ်စေသော အဓိကစိန်ခေါ် မှုများစွာကိုလည်း မီးမောင်းထိုးပြလိုပြီး ပြိုင်ဘက်များနှင့်နှိုင်းယှဉ်ပါက ကုန်ကျစရိတ်မြင့်မားခြင်း၊ ထုတ်လုပ်မှုနည်းပါးခြင်းနှင့် ဘတ်ငွေတန်ဖိုးမြင့်တက်ခြင်းတို့ဖြစ်ကြောင်း Mr. Chookiat က ပြောကြားခဲ့သည်။
၂၀၂၅ ခုနှစ်အတွင်း ထိုင်းနိုင်ငံ၏ဆန်တင်ပို့မှုသည် တန်ချိန် ၈ သန်းနီးပါးရှိခဲ့ရာမှ ၂၀၂၆ ခုနှစ်တွင် တန်ချိန် ၇သန်းအထိကျဆင်းသွားမည်ဟု နိုင်ငံခြားကုန်သွယ်မှုဦးစီးဌာနက ခန့်မှန်းထားပါကြောင်း၊၂၀၂၅ခုနှစ်၏ ပထမ ၁၁ လအတွင်း ဆန်တင်ပို့မှုသည် ယခင်နှစ်ထက် ၂၁ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး တန်ချိန် ၇.၃ သန်းသာရှိခဲ့ရာ တန်ဖိုးမှာလည်း ၃၀.၃ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး အမေရိကန်ဒေါ်လာ ၄.၁၆ ဘီလီယံသာရှိတော့ကြောင်း၊ဆန်သိုလှောင်မှုလိုအပ်ချက်သည် အိမ်စောင့်အစိုးရစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Mrs Suphajee နှင့် ပြည်သူ့ပါတီ၏ ဒုတိယခေါင်းဆောင် Sirikanya Tansakun တို့အကြား ယင်းလိုအပ် ချက်ကို စွန့်လွှတ်သင့်-မသင့်ကိစ္စရပ်နှင့်ပတ်သက်၍ဆွေးနွေးမှုအပြီးတွင် အာရုံစိုက်ခံခဲ့ရကြောင်း၊မီဒီယာများ၏ဖော်ပြချက်အရ ဘတ်ဂျက်အကန့် အသတ်ရှိပြီး သိုလှောင်ရုံများမပိုင်ဆိုင်သော အသေးစားလုပ်ငန်းများအတွက် တန် ၁၀၀ လိုအပ်ချက်သည် ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်သည်ဟု Sirikanya က ငြင်းခုံခဲ့ကြောင်း၊ ယင်းလုပ်ငန်းများသည် ပို့ကုန်အတွက် ဆန်အမြောက် အမြားသိုလှောင်ထားနိုင်သည့် အလားအလာမရှိသော ကြောင့် လိုအပ်ချက်က ၎င်းတို့၏ကမ္ဘာ့ ကုန်သွယ်ရေးသို့ ဝင်ရောက်မှုကို အဟန့်အတားဖြစ်စေနိုင်ကြောင်း Sirikanya က ပြောကြားခဲ့သည်။
အစိုးရ၏လိုအပ်ချက်ကို ၅၀၀ မှ ၁၀၀ တန်သို့လျှော့ချရန် ဆုံးဖြတ်ချက်သည် သင့်လျော်ကြောင်း၊အဘယ်ကြောင့်ဆိုသော် ၎င်းသည် အသေးစား ကုမ္ပဏီများအတွက် ဆန်ကို နိုင်ငံတကာသို့ ကုန်သွယ်မှုပြုလုပ်ရန် လမ်းခင်းပေးသောကြောင့်ဖြစ်ကြောင်း၊ ဆန်တင်ပို့မှုတွင် ပုံမှန်အားဖြင့် လုပ်ငန်းလည်ပတ်မှုနှင့် ထောက်ပံ့ပို့ဆောင်ရေးကုန်ကျစရိတ်များအပါ အဝင်မြင့်မားသော ပုံသေကုန်ကျစရိတ်များ ပါဝင်လေ့ရှိကြောင်း၊ ဆန်ပမာဏကျဆင်းသွားသည်နှင့်အမျှ ဤကုန်ကျစရိတ်များသည် လျော့ကျမသွားပါ ကြောင်း၊ ဆန်တင်ပို့မှုပမာဏအလွန်နည်းနေပါက တစ်ယူနစ်ကုန်ကျစရိတ်သည် ချက်ချင်းမြင့်တက်လာနိုင်ပြီး ယင်းသည် ကုန်ကျ စရိတ်ကို သက်သာစေမည် မဟုတ်ကြောင်း ဝန်ကြီး Mrs. Suphajee က အခိုင်အမာပြောကြားခဲ့သည်။
Source: www.bangkokpost.com
(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)