ဟော်မုဇ်ရေလက်ကြား(Strait of Hormuz)အတွင်းရှိ ရေပြင်တွင် ခန့်မှန်းခြေပင်လယ်မိုင်း ၈၀ ခန့်ကို ဖယ်ရှားရှင်းလင်းပြီးမှသာ ပုံမှန်ကုန်တင်သင်္ဘောသွားလာမှုကို ပြန်လည်စတင်နိုင်မည်ဖြစ်ကြောင်း လွတ်လပ်သော ရေနံတင်သင်္ဘောပိုင်ရှင်များ နိုင်ငံတကာအသင်း (Intertanko)က ထုတ်ပြန်ကြေညာခဲ့သည်။
Intertanko ၏သင်္ဘောသွားလာရေးဒါရိုက်တာ ဖီးလ် ဘဲလ်ချာ(Phil Belcher)၏ပြောကြားချက်အရ၊ သင်္ဘောအသွားအလာလမ်းကြောင်းခွဲခြားစနစ်(Traffic Separation Scheme)ကို ဖြတ်သန်းသည့်ဗဟိုရေရှည်လမ်းကြောင်းမှာ မိုင်းအန္တရာယ်မြင့်မားနေသဖြင့် လက်ရှိတွင် လုံးဝပိတ်ထားရကြောင်း သိရသည်။
ပဋိပက္ခကာလအတွင်း တီဟီရန်(အီရန်)သည် ဗဟိုရေလမ်းကြောင်းအတွင်းကို ရည်ရွယ်ချက်ရှိရှိမိုင်းထောင်ထားခဲ့ကြောင်းဆိုသည်။ ထို့ကြောင့် အရပ်ဘက်ကုန်တင်သင်္ဘောများသည် အိုမန်နိုင်ငံ၏ ပိုင်နက်ရေပိုင်နက်အတွင်းရှိ တောင်ပိုင်းအစားထိုးလမ်းကြောင်းကို အသုံးပြုနေရသည်။
ဖီးလ်ဘဲလ်ချာက အဆိုပါလမ်းကြောင်းကို “အမြန်လမ်းမကြီးဘေးရှိ လမ်းဘေးပခုံး”နှင့် နှိုင်းယှဉ်ပြောဆိုခဲ့ပြီး၊ ထိုလမ်းကြောင်းကို အသုံးပြုခြင်းသည် ကမ်းရိုးတန်းကျောက်တန်းများနှင့် တိုက်မိခြင်း၊ သင်္ဘောသွားလာမှုများသိပ်သည်းမှုကြောင့် သင်္ဘောအချင်းချင်းတိုက်မိနိုင်ခြင်း၊ အီရန်၏ GPS အချက်ပြနှောင့်ယှက်မှုများကြောင့် လမ်းညွှန်မှုအခက် အခဲများဖြစ်ပေါ်နိုင်ခြင်း စသည့်ပြင်းထန်သောသင်္ဘောလမ်းညွှန် အန္တရာယ်များနှင့် ရင်ဆိုင်ရကြောင်း အလေးပေးပြောကြားခဲ့သည်။
အမေရိကန်နှင့် အီရန်တို့ကြား ငြိမ်းချမ်းရေးနားလည်မှုစာချွန်လွှာ (Memorandum)ကို လက်မှတ်ရေးထိုးပြီးနောက် ပါရှန်ပင်လယ်ကွေ့မှ ရေနံတင်သင်္ဘောအချို့ စတင်ထွက်ခွာလာပြီဖြစ်သော်လည်း၊ စက်မှုလုပ်ငန်းကျွမ်းကျင်သူများက အခြေအနေသည် မကြာမီပုံမှန်ပြန်ဖြစ်လာမည်ဟု မယုံကြည်ကြသေးပေ။
The Guardian ၏အချက်အလက်များအရ၊ ဖေဖော်ဝါရီလတွင် စစ်ပွဲစတင်ချိန်မှစ၍ ပါရှန်ပင်လယ်ကွေ့အတွင်း၌ သင်္ဘော ၆၀၀ နီးပါးပိတ်မိနေဆဲဖြစ်ပြီး၊ သင်္ဘောပိတ်ဆို့မှုများကို ဖြေရှင်းခြင်းနှင့် မိုင်းရှင်းလင်းခြင်းလုပ်ငန်းစဉ်များသည် အချိန်ကြာမြင့်မည်ဟု ခန့်မှန်းထားကြသည်။
ဈေးကွက်အပေါ်ထပ်မံဖိအားဖြစ်စေသည့်အချက်တစ်ခုမှာ အမေရိကန်နှင့် အီရန်ကြား သဘောတူညီချက်အရ သတ်မှတ်ထားသော ရက် ၆၀ အခမဲ့ကာလကုန်ဆုံးပြီးနောက် အီရန်က သင်္ဘောများထံမှ လုံခြုံရေးကြေးကောက်ခံရန် စီစဉ်နေခြင်းဖြစ်သည်။
ဂျာမနီအခြေစိုက် ကမ္ဘာ့အကြီးဆုံး ရေကြောင်းပို့ဆောင်ရေးကုမ္ပဏီများထဲမှ Hapag-Lloyd အပါအဝင် ကုမ္ပဏီကြီးများက ယင်းအစီအစဉ်သည် တရားမဝင်သည့် လုပ်ရပ်ဖြစ်ပြီး လုံးဝမသင့်လျော်ကြောင်း ဝေဖန်ထား သည်။
သင်္ဘောပိုင်ရှင်များကလည်း အီရန်၏ အပြည်ပြည်ဆိုင်ရာ ရေပြင်ဖြတ်သန်းခကောက်ခံမည့် အစီအစဉ်သည် ကမ္ဘာ့အရေးပါသော အခြားရေကြောင်းလမ်းကြောင်းများဖြစ်သည့် မလက္ကာရေလက်ကြား နှင့် ထိုင်ဝမ်ရေလက်ကြားတို့အတွက် အန္တရာယ်ရှိသည့် နမူနာဆိုးတစ်ရပ်ဖြစ်လာနိုင်ကြောင်း စိုးရိမ်နေကြသည်။
Source: https://www.angi.ru
(အောင်ဖြိုးထွဋ်၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)