International News

မော်တော်ယာဉ်ထုတ်လုပ်သည့် လုပ်ငန်းများမှသည် ပေါ်ထွန်းစလုပ်ငန်းများအထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလျက်ရှိသည့် ဂျပန်ကုမ္ပဏီများအနေဖြင့် စီးပွားရေးဆိုင်ရာ အကျိုးအမြတ်များ ရရှိလျက်ရှိ

Last Updated:

ဂျပန်ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံတွင် နိုင်ငံရေးဆိုင်ရာစိန်ခေါ်မှုများရှိနေသည့်တိုင် စီးပွားရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုအသစ်များကို ရှာဖွေလျက်ရှိပြီး၊ ရေရှည်ဖွံ့ဖြိုးတိုးတက်စေမည့် အလားအလာများကို ဖော်ဆောင်လျက်ရှိပါသည်။

အဆိုပါသတင်းတွင် မော်တော်ယာဉ်အစိတ်အပိုင်းများထုတ်လုပ်သော ဂျပန်ကုမ္ပဏီ Yazaki မှ ဂျပန်ဝန်ထမ်းတစ်ဦးသည် မြန်မာနိုင်ငံ၊ သီလဝါအထူးစီးပွားရေးဇုန်ရှိ  Yazaki စက်ရုံတွင် သင်တန်းတက်ရောက်ခဲ့ကြောင်းနှင့် သင်တန်းမှာ ထုတ်လုပ်မှုဌာနအတွက် စာရွက်စာတမ်းများစီမံခန့်ခွဲမှု ပိုမိုကောင်းမွန်လာစေရေး ရည်ရွယ်ပို့ချခဲ့ခြင်းဖြစ်ကြောင်း၊ ထိုင်းနိုင်ငံရှိ Yazaki စက်ရုံနှင့်ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဝန်ထမ်းတစ်ဦးချင်းစီ၏အရည်အသွေးမြှင့်တင်နိုင်ရေး၊ လုပ်ငန်းခွင်တွင် ပူးပေါင်းဆောင်ရွက်တတ်မှုကို မြှင့်တင်နိုင်ရေးအပြင် ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက် တိုးတက်ကောင်းမွန်လာစေမည့် အကြံဉာဏ်များကို အဆိုပြုနိုင်ရေးအတွက် ရည်ရွယ်၍ သင်တန်းပို့ချပေးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

Yazaki သည် မော်တော်ယာဉ်တွင်အသုံးပြုသည့် ဝါယာကြိုးများကို ထုတ်လုပ်သည့် ကမ္ဘာ့ထိပ်တန်းစက်ရုံဖြစ်ကြောင်း၊ ဂျပန်နိုင်ငံအပါအဝင် နိုင်ငံနှင့်ဒေသပေါင်း ၄၆ ခုတွင် စက်ရုံများတည်ဆောက်ထားကြောင်း၊ မြန်မာနိုင်ငံတွင် Yazaki စက်ရုံကို ၂၀၁၉ ခုနှစ်တွင် တည်ထောင်ထားပြီး၊ အဆိုပါစက်ရုံသည် Yazaki ၏တတိယမြောက်စက်ရုံအသစ်ဖြစ်ကြောင်း၊ စက်ရုံကို နေ့ရောညပါ လည်ပတ်ဆောင်ရွက်လျက်ရှိပြီး၊ မြန်မာဝန်ထမ်း ၅၀၀ ခန့်ထားပြီး၊ ထုတ်ကုန်များကို အဓိကအားဖြင့် ထိုင်းနိုင်ငံသို့ တင်ပို့လျက်ရှိကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါ၊ ၂၀၂၁ ခုနှစ်တွင် တပ်မတော်မှ အာဏာလွှဲပြောင်းရယူခြင်းနှင့် နိုင်ငံအတွင်းပစ်ခတ်တိုက်ခိုက်မှုများကြောင့် ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်ပြတ်တောက်ခြင်းစသည့်အချက်များကြောင့် နိုင်ငံခြားကုမ္ပဏီးများအနေဖြင့် မြန်မာနိုင်ငံမှ ထွက်ခွာ သွားသည်များရှိသကဲ့သို့ သီလဝါရှိ စက်ရုံအများအပြားအနေဖြင့်လည်း ယာယီရပ်ဆိုင်းထားသည်များရှိကြကြောင်း၊ သို့သော် Yazaki စက်ရုံမှာ ဆက်လက်၍အကျိုးအမြတ်များရရှိလျက်ရှိကြောင်း၊ Yazaki ကုမ္ပဏီအနေဖြင့် မြန်မာ နိုင်ငံအား ထိုင်းနိုင်ငံစက်ရုံအတွက် လုပ်သားအခြေစိုက်နေရာအဖြစ်လည်း ထားရှိဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံ ရေးအရ အန္တရာယ်များသည့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် လုပ်ငန်းစီမံခန့်ခွဲမှုများကို ကိုင်တွယ်နိုင်မည့်လုပ်သားများကို မြန်မာနိုင်ငံတွင် လေ့ကျင့်သင်ကြားပေးနိုင်ရေး ရည်ရွယ်ဆောင်ရွက်လျက်ရှိကြောင်း၊ငယ်ရွယ်သည့် ဂျပန်နိုင်ငံသားများကို လေ့ကျင့်သင်ကြားပေးနိုင်ရေးအတွက်လည်း ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ် ဒုတိယနှစ်ဝက်အထိ သုံးလတစ်ကြိမ် မြန်မာနိုင်ငံသို့ ဂျပန်နိုင်ငံသားအလုပ်သမား ၂ ဦးစေလွှတ်သွားမည်ဖြစ်ကြောင်း၊ Yazaki ကုမ္ပဏီ၏ ဝန်ထမ်းလေ့ကျင့်ရေးအစီအစဉ်ကို မြန်မာနိုင်ငံတစ်နိုင်ငံတည်းတွင်သာ ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားပါသည်။

စင်ကာပူအခြေစိုက် ဂျပန်နိုင်ငံမှ ပေါ်ထွန်းစလုပ်ငန်းတစ်ခုဖြစ်သည့် Plus Impact အနေဖြင့်လည်း ရန်ကုန်မြို့၊ လှည်းတန်းတွင် ရုံးခန်းအသစ်ဖွင့်လှစ်ခဲ့ကြောင်း၊ အဆိုပါရုံးခန်းတွင် မြန်မာ IT အင်ဂျင်နီယာများအနေဖြင့် ကွန်ပျူတာများအသုံးပြု၍ ဂျပန်နိုင်ငံကဲ့သို့သော ပြည်ပနိုင်ငံများရှိ Software ရေးသားသည့်ဌာနများနှင့် တိုက်ရိုက်ချိတ်ဆက်၍ အလုပ်လုပ်ကိုင်လျက်ရှိကြောင်း၊ ကုမ္ပဏီအနေဖြင့် လုပ်ငန်းများကို မေလမှစတင်၍ ဆောင်ရွက်ခဲ့ကြောင်းနှင့် မြန်မာနိုင်ငံမှ ထောင်ပေါင်းများစွာသော အင်ဂျင်နီယာများအနေဖြင့် အဆိုပါ Remote Work တွင်လုပ်ကိုင်ရန်အတွက် စာရင်းသွင်းထားပြီးဖြစ်ကြောင်း၊ ဂျပန်နိုင်ငံရှိ Software ရေးသားခြင်းလုပ်ငန်းတွင် လုပ်သားပြတ်လပ်လျက်ရှိသည့်အတွက် မြန်မာနိုင်ငံမှ ဝန်ထမ်းများကို ခန့်ထားရခြင်းဖြစ်ကြောင်း၊ ထို့ပြင် အခြားသောအားသာချက်တစ်ခုမှာ ကုမ္ပဏီအနေဖြင့် ပေါ်ထွန်းစလုပ်ငန်းတစ်ခုဖြစ်သည့်အားလျော်စွာ ဘဏ္ဍာရေးဆိုင်ရာ အခက်အခဲများရှိကြောင်းနှင့် မြန်မာနိုင်ငံတွင် ဝန်ထမ်းတစ်ဦးကို တစ်လလျှင် လစာ ယန်း ၂ သိန်း(အမေရိကန်ဒေါ်လာ ၁,၃၀၀) ဖြင့် ငှားရမ်း နိုင်ကြောင်း ဖော်ပြထားပါသည်။

ဂျပန်အင်ဂျင်နီယာကုမ္ပဏီဖြစ်သည့် Open Up Group အနေဖြင့် ၂၀၂၄ ခုနှစ် တစ်နှစ်ထဲတွင်ပင် မြန်မာနိုင်ငံသား ၅၀ ဦးခန့်ထားရန် ဆုံးဖြတ်ခဲ့ကြောင်းနှင့် အဆိုပါအရေအတွက်မှာ ဝန်ထမ်းစုစုပေါင်း၏ ၅ ရာခိုင်နှုန်းရှိပြီး၊ ၁၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ခန့်ထားသွားမည်ဖြစ်ကြောင်းလည်း ဖော်ပြထားပါသည်။

Open Up Group ၏လုပ်ငန်းခွဲဖြစ်သည့် Open Up Construction အနေဖြင့် ဆောက်လုပ်ရေးနှင့်စက်ရုံတည်ဆောက်ရေးလုပ်သားများကို ခေါ်ယူခန့်ထားလျက်ရှိကြောင်း၊ ဂျပန်နိုင်ငံတွင် အင်ဂျင်နီယာကျောင်းသားများ နည်းပါးကြောင်းနှင့် မြန်မာနိုင်ငံ၌ ဆောက်လုပ်ရေးအင်ဂျင်နီယာဘာသာရပ်တွင် အလုပ်လက်မဲ့များ များပြားလျက်ရှိခြင်းကြောင့် မြန်မာနိုင်ငံမှ အများအပြားခန့်ထားရခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။ Open Up အနေဖြင့် အာရှရှိ ပြည်ပအလုပ်အကိုင်ရှာဖွေရေးကုမ္ပဏီများမှတစ်ဆင့် လုပ်သားများခေါ်ယူပြီး ဂျပန်နိုင်ငံတွင် ဂျပန်စာသင်ကြားနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း ဖော်ပြထားပါသည်။

တရုတ်နှင့်တောင်ကိုးရီးယားတို့၏ မြန်မာအစိုးရအပေါ် ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေး၊ အနောက်နိုင်ငံများမှ အရေးယူပိတ်ဆို့မှု စသည်တို့အကြား ဂျပန်အစိုးရအနေဖြင့် မြန်မာအစိုးရနှင့်ဆက်ဆံရာတွင် ဟန်ချက်ညီစေရန် ထိန်းညှိဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားပါသည်။

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Source: The Nikkei Asia (16-7-2024)

Category: International News