International News

အမေရိကန်နိုင်ငံသည် ဂျော်ဒန်နိုင်ငံနှင့် ကုန်သွယ်ရေးသဘောတူညီချက်လက်မှတ်ရေးထိုးခဲ့

Last Updated:

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ၂၁-၇-၂၀၂၆ ရက်တွင် ဂျော်ဒန်နိုင်ငံနှင့် ကုန်သွယ်ရေးသဘောတူညီချက်တစ်ရပ်ကိုကြေညာခဲ့ပြီး၊ အဆိုပါအမေရိကန်-ဂျော်ဒန်အပြန်အလှန်ကုန်သွယ်ရေးသဘောတူညီချက်(U.S.-Jordan Agreement on Reciprocal Trade)သည် အမေရိကန်ပို့ကုန်လုပ်ငန်းရှင်များ နှစ်ရှည်လများရင်ဆိုင်နေရသော ကုန်သွယ်ရေးအတားအဆီးများကို ဖယ်ရှားပေးမည်ဖြစ်ကာ အမေရိကန်နိုင်ငံ၏အဓိကစက်မှုလုပ်ငန်းများအတွက် အခွင့်အလမ်းသစ်များကို ဖန်တီးပေးမည် ဖြစ်ကြောင်း၊ သဘောတူညီချက်တွင် အခြားနိုင်ငံများ၏ ဈေးကွက်စီးပွားရေး မဟုတ်သည့်မူဝါဒများကိုပူးတွဲဖြေရှင်းခြင်း၊ ရင်းနှီးမြှုပ်နှံမှုလုံခြုံရေး၊ပို့ကုန်ထိန်းချုပ်ရေးနှင့် အခွန်တိမ်းရှောင်မှုတို့အပေါ် ပူးပေါင်းဆောင်ရွက်ရန် ကတိကဝတ်များပါဝင်ကြောင်း သမ္မတအိမ်ဖြူတော်၏ ထုတ်ပြန်ကြေညာချက်တွင်ဖော်ပြထားပါ သည်။

အဆိုပါသဘောတူညီချက်တွင် အဓိကအချက်များအနေဖြင့် ဂျော်ဒန်နိုင်ငံသည် အမေရိကန်နိုင်ငံမှ တင်ပို့သည့် ကုန်ပစ္စည်းအားလုံးနီးပါးအပေါ် အခွန်ကင်းလွတ်ခွင့် ဆက်လက်ပေးအပ်ခြင်း၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာဥပဒေများကို ပြဋ္ဌာန်းအကောင်အထည်ဖော်ခြင်း၊ အလုပ်သမားအခွင့်အရေးများကို ကာကွယ်ခြင်း(အဓမ္မအလုပ်ခိုင်းစေမှုဖြင့် ထုတ်လုပ်သောကုန်ပစ္စည်းများတင်သွင်းမှုကိုတားမြစ်ခြင်းအပါ အဝင်)၊ ဉာဏပစ္စည်းမူပိုင်ခွင့်ကာကွယ်မှုကိုအားကောင်းစေခြင်း၊ တရားမျှတသော ကုန်သွယ်မှုကိုကျင့်သုံးခြင်းနှင့် အကောက်ခွန်လုပ်ထုံးလုပ်နည်းများမြှင့်တင်ဆောင်ရွက်ခြင်းတို့ဖြင့် အမေရိကန်နိုင်ငံနှင့် ကုန်သွယ်မှုတိုးတက်ကောင်းမွန်လာစေရန် ဆောင်ရွက်ခြင်း၊ဂျော်ဒန်နိုင်ငံသည် အကောက်ခွန်ဟုတ်သောကုန်သွယ်ရေးအတား အဆီးများကိုလည်းဖယ်ရှားပေး၍ အမေရိကန်နိုင်ငံ၏ စိုက်ပျိုးရေးထွက်ကုန်များနှင့် မော်တော်ယာဉ်များအပါအဝင် အမေရိကန်ကုန်ပစ္စည်းများအတွက် ဈေးကွက်ဝင်ရောက်ခွင့်ကို တိုးချဲ့ပေးခြင်း၊ အခြားနိုင်ငံများ၏ ဈေးကွက်စီးပွားရေးစနစ်မဟုတ်သောမူဝါဒများကို ပူးပေါင်းဖြေရှင်းခြင်း၊ ရင်းနှီးမြှုပ်နှံမှုလုံခြုံရေး၊ ပို့ကုန်ထိန်းချုပ်ရေးနှင့် အခွန်တိမ်းရှောင်မှုတို့နှင့်စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက်ခြင်းတို့ပါဝင်ကြောင်း၊ ယခုသဘောတူညီချက်သည် ၂၀၀၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်တွင် အသက်ဝင်ခဲ့သော အမေရိကန်-ဂျော်ဒန်လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက်အပါအဝင် နှစ်နိုင်ငံစီးပွားရေးဆက်ဆံမှုအပေါ် အခြေခံတည်ဆောက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

Source: The White House

(ခင်မျိုးသော်၊ စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)

Category: International News