အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်တွင် သက်တမ်းကုန်ဆုံးမည့်ယာယီကမ္ဘာ့အခွန် ၁၀% ကိုအစားထိုးရန်အတွက် နိုင်ငံပေါင်းများစွာအပေါ် အခွန်စည်းကြပ်မှုအသစ်များကို မကြာမီကာလအတွင်း ချမှတ်နိုင်ရေးပြင်ဆင်လျက်ရှိကြောင်း အမေရိကန်နိုင်ငံ၊ ကုန်သွယ်ရေးကိုယ်စားလှယ်က ပြောကြားခဲ့ကြောင်းသိရှိရပါသည်။ အမေရိကန်သမ္မတအနေဖြင့် ယခုသတင်းပတ်အတွင်းတွင် ကနေဒါနိုင်ငံနှင့်ကုန်သွယ်ရေးစစ်ပွဲကို အရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိပြီး၊ မကြာမီရက်ပိုင်းအတွင်း အခွန်စည်းကြပ်မှုအသစ်များဆောင်ရွက်ရန်ချိန်ဆလျက်ရှိကြောင်း သိရှိရပါသည်။
အမေရိကန်နိုင်ငံ၊ ကုန်သွယ်ရေးကိုယ်စားလှယ်က ယခုပြင်ဆင်ဆောင်ရွက်နေသည့်အခွန်စည်းကြပ်မှုအသစ်များသည် အဓမ္မအလုပ်ခိုင်းစေမှုကိုကာကွယ်တားဆီး ရန်ပျက်ကွက်ခဲ့သည့် နိုင်ငံများအပေါ် ချမှတ်မည့်ကိစ္စဖြစ်ကြောင်း အရိပ်အမြွက်ပြောကြားခဲ့ပြီး၊ ယင်းကိစ္စသည် ၂၀၂၆ ခုနှစ်၊ ဇွန်လတွင် စတင်ကြေညာခဲ့သည့် အဓမ္မအလုပ်ခိုင်းစေမှုဖြင့် ထုတ်လုပ်သော ကုန်ပစ္စည်းများတင်သွင်းခြင်းကို တားမြစ်ခြင်းနှင့် ထိရောက်စွာကျင့်သုံးခြင်းတို့ကို ဆောင်ရွက်ရန်ပျက်ကွက်မှုနှင့် ဆက်စပ်နေသည့် နိုင်ငံပေါင်း(၆၀)အပေါ် ဆောင်ရွက်မည့်ကိစ္စဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
အဓမ္မအလုပ်ခိုင်းစေမှုူနှင့်စပ်လျဉ်း၍ အခွန်စည်းကြပ်ရာတွင် မက္ကဆီကို၊ ထိုင်ဝမ်၊ ယူကေ၊ တရုတ်၊ သြစတြေးလျ၊ ဂျပန်နှင့် ဘရာဇီးလ်အပါအဝင် နိုင်ငံများအပေါ် ၁၀% မှ ၁၂.၅% အကြား အခွန်စည်းကြပ်မည်ဖြစ်ကြောင်း၊ အမေရိကန်တရားရုံး ချုပ်က သမ္မတဒေါ်နယ်ထရမ့်၏ သွင်းကုန်ခွန်ချမှတ်ခြင်းသည် သမ္မတ၏အခွင့် အာဏာကို ကျော်လွန်အသုံးပြုခြင်းဖြစ်ကြောင်း ဆုံးဖြတ်ချက်ချမှတ်ခဲ့ပြီးနောက် အမေရိကန်နိုင်ငံသို့ဝင်ရောက်လာသည့်သွင်းကုန်များအပေါ် ယာယီသွင်းကုန်ခွန် ၁၀% ကောက်ခံသည့်ကိစ္စကို အကောင်အထည်ဖော်ခဲ့ကြောင်း၊ ယခုအခါအဆိုပါ ၁၀% ယာယီသွင်းကုန်ခွန်သည် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်၍ ယင်းကို အစားထိုးနိုင်ရေးအတွက် အခွန်စည်းကြပ်မှုအသစ်များပြင်ဆင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
Source: Forbes News
(ခင်မျိုးသော်၊ စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)