စင်ကာပူ-ဘရူနိုင်းဝန်ကြီးများအဆင့် ပူးတွဲကော်မတီအစည်းအဝေးကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့က စင်ကာပူနိုင်ငံတွင် ကျင်းပခဲ့ပြီး စင်ကာပူနိုင်ငံ စွမ်းအင်၊ သိပ္ပံနှင့် နည်းပညာတာဝန်ခံဝန်ကြီး Dr.Tan See Leng နှင့် ဘရူနိုင်းနိုင်ငံ ဘဏ္ဍာရေးနှင့် စီးပွားရေးဝန်ကြီး Dato Dr. Amin Liew Abdullah တို့က ပူးတွဲဥက္ကဋ္ဌများအဖြစ် ဆောင်ရွက်ခဲ့ပါသည်။
ဝန်ကြီးများအဆင့် ပူးတွဲကော်မတီအစည်းအဝေးသည် စင်ကာပူနိုင်ငံနှင့် ဘရူနိုင်းနိုင်ငံအကြား အဓိကစီးပွားရေးစင်္ကြံတစ်ခုအဖြစ် ဆောင်ရွက်ပေးခြင်းဖြစ်ပြီး အစားအစာထောက်ပံ့မှု၊ ဆေးပစ္စည်း၊ ကာဗွန်နည်းစွမ်းအင်၊ ကာဗွန်ဈေးကွက်နှင့် ကာဗွန်ဓာတ်ငွေ့သိုလှောင်သိမ်းဆည်းမှု၊ အစိမ်းရောင်စီးပွားရေး စသည့်မဟာဗျူဟာနယ်ပယ်များတွင် စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်ရန်ဖြစ်ပါသည်။
အစည်းအဝေးတွင် နှစ်နိုင်ငံဝန်ကြီးများသည် စီးပွားရေးခိုင်မာအားကောင်းစေရေးနှင့်စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက်ရန် ထပ်လောင်းအတည်ပြုခဲ့ပြီး ဘရူနိုင်းနိုင်ငံက ငါးမွေးမြူရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန်စိတ်ဝင်စားမှုကို ကြိုဆိုကြောင်း၊ စားနပ်ရိက္ခာဖူလုံရေး၊ တန်ဖိုးကွင်းဆက်တစ်လျှောက် အလုပ်အကိုင်ဖန်တီးနိုင်ရေးအလားအလာရှိမည်ဖြစ်ကြောင်း၊ စက်တင်ဘာလ ၅ ရက်နေ့မှ ၇ ရက်နေ့အထိ ပြုလုပ်ခဲ့သည့် Brunei Week ကဲ့သို့သောအခမ်းအနားများကို ဥပမာပြု၍ နှစ်နိုင်ငံအကြား စီးပွားရေးလုပ်ငန်းများအချင်းချင်းပူးပေါင်းဆောင်ရွက်နိုင်မှုအားကောင်းစေရေးမှာ အရေးကြီးကြောင်း အသိအမှတ်ပြုမှတ်တမ်းတင်ခဲ့ပါသည်။ ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် အမဲသားတင်ပို့ခွင့်ရရှိခဲ့ပြီး ပြုပြင်ထားသည့်အမဲသားထုတ်ကုန်များအပါအဝင် ဘရူနိုင်းနိုင်ငံ၏ စားသောက်ကုန်များ စင်ကာပူနိုင်ငံသို့ တင်ပို့နိုင်မှုအခြေအနေကို ကြိုဆိုခဲ့ပါသည်။
ဆိုလာစွမ်းအင်၊ ဘက်ထရီနှင့် စွမ်းအင်သိုလှောင်သိမ်းဆည်းမှုစနစ်ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဖြတ်ကျော်ကာဗွန်ဓာတ်ငွေ့သိုလှောင်သိမ်းဆည်းရေးစီမံကိန်းများ စသည်တို့တွင် နှစ်နိုင်ငံအစိုးရဝန်ထမ်းများအကြား အသိပညာဖလှယ်သည့်အစီအစဉ်များအပါအဝင် ပူးပေါင်းဆောင်ရွက်မှုများကို အသိအမှတ်ပြုခဲ့ပါသည်။ နှစ်နိုင်ငံအနေဖြင့် ဆေးဝါးထောက်ပံ့မှုကိုမြှင့်တင်ရန်အတွက် မဟာဗျူဟာများကို ဆက်လက်ရှာဖွေလေ့လာရန်နှင့် ဆွေးနွေးမှုများဆက်လက်လုပ်ဆောင်ရန် ကတိပြုခဲ့ပါသည်။
ဝန်ကြီး Dr. Tan See Leng က “စင်ကာပူနိုင်ငံနှင့် ဘရူနိုင်းနိုင်ငံတို့ သည် ဆယ်စုနှစ် ၄ ခုကျော်ပူးပေါင်းဆောင်ရွက်မှုများရှိခဲ့ကြောင်း၊ ဝန်ကြီးများအဆင့်ပူးတွဲကော်မတီအစည်းအဝေးသည် ရေရှည်တည်တံ့သည့်ဖွံ့ဖြိုးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်အသစ်များကို ရှာဖွေဖော်ထုတ်ရန်အတွက်ဖြစ်ကြောင်း၊ နှစ်နိုင်ငံပြည်သူများနှင့် စီးပွားရေးလုပ်ငန်းများအတွက် အခွင့်အလမ်းများရှာဖွေရန် ဘရူနိုင်းနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း” ပြောကြားခဲ့ပါသည်။
နှစ်နိုင်ငံသည် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမိတ်ဖက်များဖြစ်ပြီး ၂၀၂၄ ခုနှစ်တွင် စုစုပေါင်းကုန်သွယ်မှုမှာ စင်ကာပူဒေါ်လာ ၄.၈၈ ဘီလီယံရှိခဲ့ပါသည်။
ရင်းမြစ်။ Ministry of Trade and Industry
(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)