ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးက ထိုင်းကုန်သည်ကြီးများအသင်းကိုယ်စားလှယ်များနှင့် အမေရိကန်အခွန်၏ သက်ရောက်မှုများကို ဖြေရှင်းရန်၊ လွတ်လပ်သော ကုန်သွယ်ရေးသဘောတူစာချုပ်ဆိုင်ရာ ညှိနှိုင်းမှုများကို အရှိန်မြှင့်တင်ရန်၊ အိန္ဒိယဈေးကွက်ကို ထိုးဖောက်ရန်နှင့် စိုက်ပျိုးရေးထုတ်ကုန်များကို စီမံခန့်ခွဲရန်အစီအမံများကို ဆွေးနွေးခဲ့ပြီး ကုန်သည်ကြီးများအသင်းက ပြန်လည်ရှင်းလင်းတင်ပြခဲ့ကြောင်း ၁၀-၁၀-၂၀၂၅ ရက်နေ့ထုတ် ဗန်ကောက်ပို့စ်သတင်းစာ၌ “Thai Chamber briefed on many measures” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။
ဝန်ကြီးဌာနသည် အမေရိကန်အခွန်များ၏ သက်ရောက်မှုကို ကုစားရန်၊ စိုက်ပျိုးရေးကဏ္ဍ ပိုမိုခိုင်မာစေရန်၊ ထုတ်ကုန်ရှောင်တိမ်းမှုကို ကာကွယ်ရန်၊ ဈေးကွက်သစ်များတွင် ကုန်သွယ်မှုမြှင့်တင်ရန်၊ ကမ္ဘာ့ကုန်သွယ် ရေးစည်းမျဉ်းများ၏ ပြောင်းလဲမှုများကို လက်ခံနိုင်ရန်အတွက် ထိုင်းလုပ်ငန်းများအား စွမ်းဆောင်ရည်မြှင့်တင်ပေးရန်နှင့် ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ရှိလုပ်ငန်းရှင်များအား ထောက်ပံ့မှုများပေးရန် ဗျူဟာများစီစဉ်လျက်ရှိပါကြောင်း၊ ထိုင်းနှင့် နိုင်ငံတကာလုပ်ငန်းရှင်များအတွက် ရှင်းလင်းမှုပေးနိုင်ရန် ယခုနှစ်ဆုံးပိုင်းတွင် အမေရိကန်အခွန်ညှိနှိုင်းမှုများကို အပြီးသတ်သွားရန် ရည်မှန်းထားကြောင်း၊ အခြားသောပို့ကုန်ဈေးကွက်များရှာဖွေရှင်းနှင့် ကမ္ဘာ့ဝယ်လိုအားများနှင့်ကိုက်ညီသည့် ထုတ်ကုန်များအပါအဝင် ဗျူဟာများကိုလက်ခံရန် ပါဝင်ဆောင်ရွက်သူများအားလုံးကို တောင်းဆိုလိုကြောင်း၊ ဆန်အရည် အသွေး နှင့် ထုပ်ပိုးမှုကိုမြှင့်တင်ရန် တောင်သူများနှင့် ပုဂ္ဂလိကကဏ္ဍနှင့်ပေါင်းစပ်၍ ဆန် တန်ချိန် ၁.၈ သန်းကို လက်ကျန်အဖြစ်ထားရန် စီစဉ်လျက်ရှိကြောင်း၊ ထိုင်းလုပ်ငန်းရှင်များအတွက် ကုန်သွယ်ရေးအခွင့်အလမ်းသစ်များဖွင့်လှစ်နိုင်ရန် FTA များကိုလည်း အပြီးသတ်သွားမည်ဖြစ်ကြောင်း ဝန်ကြီး Ms. Suphajee Suthumpun က ပြောကြားခဲ့ပါသည်။
အမှာစာအသစ်များနှေးကွေးနေသောကြောင့် အမေရိကန်၏ အခွန် စည်းကြပ်မှုကို စတင်ခံစားနေရပါကြောင်း၊ အစိုးရနှင့် ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှုဖြင့် စီးပွားရေးမြှင့်တင်နိုင်ပြီး သက်ရောက်မှုများမှ လျော့ပါးနိုင်မည်ဟုယုံကြည်ပါကြောင်း ကုန်သည်ကြီးများအသင်းဥက္ကဋ္ဌ Poj Aramwattana-nont က ဖြည့်စွက်ပြောကြားခဲ့သည်။ ကမ္ဘာ့ဝယ်လိုအားနှင့်ကိုက်ညီသည့် စပါးမျိုးကွဲများလိုအပ်ပါ ကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် စပါးမျိုးစိတ်သစ်များ တီထွင်ရန်၊ ထုတ်လုပ်မှုတိုးမြှင့်ရန်နှင့် ဘတ်တန်ဖိုး ထိန်းထားရန်ဖြစ်ကြောင်း ထိုင်းဆန်ပို့ကုန်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ Mr. Charoen Laotham-matas က သုံးသပ်အကြံပြုထားပါသည်။
ကုမ္ပဏီများက ဥရောပသမဂ္ဂနှင့် FTA ကို မြန်မြန်အသက်ဝင်စေလိုပြီး ယင်းသည် ဥရောပသမဂ္ဂနှင့် အခြားသော နိုင်ငံများနှင့် ညှိနှိုင်းနိုင်သောလမ်းကြောင်းဖြစ်စေမည်ဖြစ်ကြောင်း၊ ထပ်တိုးနိုင်ငံများ နှင့် FTA လျင်လျင်မြန်မြန်ဆောင်ရွက်နိုင်ပါက ထိုင်းနိုင်ငံ၏ယှဉ်ပြိုင်နိုင်မှုကို သိသိသာသာမြင့်တက်စေပါကြောင်း၊ စိန်ခေါ်မှုများသော ဈေးကွက်အခြေ အနေတွင် လုပ်ငန်းရှင်များနှင့် တောင်သူများအကြား ထောက်ပံ့ပေးနိုင်မည့် ရာဘာထုတ်ကုန်အတွက် လုပ်ငန်းအဖွဲ့ဖွဲ့စည်းစေလိုကြောင်း၊ လုပ်ငန်းရှင်များကိုလည်း ပြည်တွင်းကုန်ပစ္စည်းပါဝင်မှုကို မြှင့်တင်စေလိုကြောင်း ကုန်သည်ကြီးများအသင်းဒုတိယဥက္ကဋ္ဌ Mr. Chanintr Chalisarapong က ဖြည့်စွက်အကြံပြုပါသည်။
အိန္ဒိသည် လျင်မြန်စွာတိုးတက်နေသည့် အလားအလာရှိသောဈေးကွက်ဖြစ်ပြီး အထူးသဖြင့် ဆောက်လုပ်ရေးပစ္စည်းများ၊ အိမ်တွင်းအလှဆင်နှင့် အစားအစာနယ်ပယ်များတွင်ဖြစ်ကြောင်း၊ အိန္ဒိယ ပြည်နယ်တစ်ခုချင်းစီနှင့် ကုန်သွယ်မှုမြှင့်တင်နိုင်သော နည်းလမ်းကို အသုံးပြုစေလိုကြောင်း ထိုင်း-အိန္ဒိယစီးပွားရေးလုပ်ငန်းကောင်စီဥက္ကဋ္ဌ Ms. Prim Jitcharoongphorn က အကြံပြုထားပါသည်။
အရေးကြီးဗျူဟာများချမှတ်၍ ရှိပြီးဈေးကွက်များကို ထိန်းထားရန်နှင့် ဈေးကွက်သစ်များ ရှာဖွေနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကုန်သွယ်မှုတန်ဖိုးကို ၂၀၂၅ ခုနှစ် အောက်တိုဘာလမှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအထိ ဘတ် ၈.၉၁ ဘီလီယံရရှိနိုင်ပြီး လုပ်ငန်း ၁,၂၇၀ ခုအတွက် အကျိုးရှိစေရေး ရည်မှန်းထားပါကြောင်း အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Ms. Sunanta Kangvalkulkij က ပြောကြားခဲ့ပါသည်။
Source: www.bangkokpost.com
(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)