ဂျပန်နိုင်ငံသည် လာမည့်ဇွန်လအတွင်းတွင် ရေနံစိမ်းဝယ်ယူမှု၏ ၇၀ ရာခိုင်နှုန်းကျော်ကို အရှေ့အလယ်ပိုင်းဒေသမဟုတ်သော အခြားနိုင်ငံများထံမှ ဝယ်ယူသွားမည်ဖြစ်ကြောင်း The Japan Times သတင်းဌာန ၏အွန်လိုင်းသတင်းတွင် “Japan to procure 70% of its oil for June from outside Middle East” ဟူသော ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။
အဆိုပါသတင်းတွင် ဂျပန်နိုင်ငံသည် လာမည့်ဇွန်လအတွင်းတွင် ရေနံစိမ်းဝယ်ယူမှု၏ ၇၀ ရာခိုင်နှုန်းကျော်ကို အရှေ့အလယ်ပိုင်းဒေသမဟုတ်သော အမေရိကန်ပြည်ထောင်စု၊ လက်တင်အမေရိက၊ အာရှအလယ်ပိုင်းဒေသနှင့် အာဖရိကတိုက်တို့မှဝယ်ယူသွားမည်ဖြစ်ကြောင်း၊ စက်မှုဝန်ကြီးအနေဖြင့် လာမည့်ဇူလိုင်လအတွင်းတွင် ရေနံစိမ်းကို အခြားနိုင်ငံများမှ ပိုမိုရွေးချယ်ဝယ်ယူနိုင်ရေးအတွက်တိုးမြှင့်ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ အရှေ့အလယ်ပိုင်းမဟုတ်သည့် ဒေသများထံမှ ရေနံစိမ်းပြောင်းလဲဝယ်ယူရရှိရန် ကြိုးပမ်းအားထုတ်မှုများတိုးတက်လာသည့်အတွက် ယခုလအတွင်း အစိုးရသည် နိုင်ငံတွင် အရန်အဖြစ်သိုလှောင်ထားရှိသည့် ရေနံများကို ထပ်မံထုတ်ပေးမည်မဟုတ်ကြောင်း ဂျပန်ဝန်ကြီးချုပ် ဆာနာအဲတာကာအီချီက သက်ဆိုင်ရာဝန်ကြီးများနှင့် ပြုလုပ်ခဲ့သည့် အစည်းအဝေးတစ်ရပ်တွင် ပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။
ဂျပန်နိုင်ငံအစိုးရသည် ပြီးခဲ့သည့်လက ကြေညာခဲ့သည့် အစိုးရက အရန်အဖြစ် သိုလှောင်ထားရှိသည့် ဆေးဘက်ဆိုင်ရာအသုံးပြုသည့်လက်အိတ်များအနက် အခုရေ ၅,၀၀၀ ထုတ်ပေးမည့် အစီအစဉ်အား လာမည့်ရက်သတ္တပတ်မှစတင်ကာ ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းများထံမှ လျှေက်ထားမှုများကို လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မော်တော်ကားများတွင် အသုံးပြုသည့် ချောဆီရောင်းချမှုတည်ငြိမ်စေရေးအတွက် ဝယ်ယူမှုများကို ပြီးခဲ့သည့်နှစ်က ရောင်းချခဲ့သည့် ပမာဏအတိုင်း ကန့်သတ်ရောင်းချရန် ဂျပန်ကုန်သည်ကြီးများနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း(JCCI)နှင့်ဂျပန်မော်တော်ယာဉ်ထုတ်လုပ်သူများအသင်း(JAMA)တို့အနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးရန် စက်မှုဝန်ကြီး ဌာနက ပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။
Source: https://www.japantimes.co.jp/business/2026/05/13/economy/oil-alter native-sources/
(ရွှေစင်ဦး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)