International News

ထိုင်းနိုင်ငံအနေဖြင့် အခွန်ညှိနှိုင်းမှုတွင် ဗီယက်နမ်လမ်းစဉ်လိုက်မည်မဟုတ်ကြောင်း နိုင်ငံတကာစီးပွားရေးပညာရှင် Mr. Somjai Phagaphasvivat က ပြောကြားခဲ့

Last Updated:

ထိုင်းနိုင်ငံသည် အမေရိကန်သို့ ပေးပို့မည့် ကုန်သွယ်ရေးအဆိုပြုလွှာများသည် ဗီယက်နမ်ဆောင်ရွက်ခဲ့သည်နှင့်တူညီသော ပုံစံမဟုတ်ကြောင်း၊ ဗီယက်နမ်သည် အမေရိကန်သွင်းကုန်အားလုံးအပေါ် အခွန်ပယ်ဖျက်နိုင်သည်မှာ ၎င်း၏သွင်းကုန်အားလုံးနီးပါးကို အခွန်သုညရာခိုင်နှုန်းထိလျှော့ချထားပြီးဖြစ်သည့်နိုင်ငံ ၂၇ နိုင်ငံနှင့် လွတ်လပ်သောကုန်သွယ်ရေးသဘောတူစာချုပ်များရှိသောကြောင့်ဖြစ်ကြောင်း နိုင်ငံ တကာစီးပွားရေးပညာရှင် Mr. Somjai Phagaphasvivat က ပြောကြားခဲ့ပါသည်။

ထိုင်းနိုင်ငံသည် ယင်းကဲ့သို့တူညီစွာဆောင်ရွက်သွားမည်မဟုတ်သည်မှာ ထိုင်းနိုင်ငံ၏ လွတ်လပ်သောကုန်သွယ်ရေးသဘောတူစာချုပ်ချုပ်ဆိုထားသော နိုင်ငံအရေအတွက်သည် ဗီယက်နမ်ထက်နည်းပါကြောင်း၊ မည်သို့ပင်ဆိုစေကာမူ တူညီသောအချက်အနေဖြင့် စဉ်းစားနိုင်သည့်အချက်မှာ အနာဂတ်တွင် ဗီယက်နမ်မည်သို့ဆောင်ရွက်မည်ဆိုသည်ကိုဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံ၏ယှဉ်ပြိုင်မှုကို တိုးမြှင့်ရန်လိုအပ်ပြီး အခြားသောနိုင်ငံများနှင့် လွတ်လပ်သောကုန်သွယ်ရေးသဘောတူ စာချုပ်များရှိထားမည်ဆိုပါက ပြည့်ပြည့်ဝဝဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း၊ အဆိုပြုထားသော အခွန်လျှော့ချမည့်အုပ်စု ၃ ခုရှိကြောင်း၊ ဦးစားပေးနိုင်ငံနှုန်းထား(Most Favored Nation-MFN)ကုန်စည်များ၊ MFN နှုန်း ထားထက်နိမ့်ပြီး သုညရာခိုင်နှုန်းမဟုတ်သော ကုန်စည်များနှင့် သုညရာခိုင်နှုန်းထိလျှော့ချမည့်ကုန်စည်များဖြစ်ကြောင်း၊ သုညရာခိုင်နှုန်းထိလျှော့ချမည့်ကုန်စည်များမှာ ထိုင်းနိုင်ငံတွင်မထုတ်လုပ်သော သို့မဟုတ် ပမာဏအကန့်အသတ်ဖြင့်သာထုတ်လုပ်သော ကုန်စည်များဖြစ် ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

အမေရိကန်ဒေါ်နယ်ထရမ့်၏အခွန်မူဝါဒသည် အမေရိကန်၏ ကုန်သွယ်မှုလိုငွေဖြစ်ပေါ်စေသော နိုင်ငံများကို လျှော့ချရုံသာမက ကုန်သွယ်ရေးမူဝါဒဆိုင်ရာ လုံခြုံရေးပြဿနာများနှင့် ဆက်နွှယ်နေသော အခြားနိုင်ငံများ၏နိုင်ငံရေးကို အနှောင့်အယှက်ပေးခြင်းဖြင့် အမေရိကန်၏ လွှမ်းမိုးမှုကိုချဲ့ထွင်ကာ တရုတ်ကို သက်ရောက်မှုရှိစေရန်ဖြစ်ကြောင်း၊ ဒေသတွင်းပထဝီဝင်နိုင်ငံရေးကိစ္စရပ်များကို လေ့လာလိုက်စားခဲ့သူဖြစ်သော ကြောင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့် ကုန်သွယ်ရေးကိစ္စရပ်များကို ချိတ်ဆက်ခြင်းဖြင့် ထိုင်းနိုင်ငံသည် လိုက်လျောညီထွေမှုမရှိနိုင်သည်ကို အမေရိကန်က သိကောင်းသိနိုင်သော်လည်း Bargaining Power ကိုမြှင့်တင်ရန်ဖြစ်ကြောင်း၊ အမေရိကန်က ဘရာဇီးအပေါ် သွင်းကုန်ခွန် ၅၀ ရာခိုင်နှုန်းချမှတ်ထားပုံနှင့်ဆင်တူပြီး အခြားနိုင်ငံ၏ပြည်တွင်းနိုင်ငံ ရေးကိုဝင်ရောက်စွက်ဖက်ပုံအဖြစ်မြင်နိုင်ကြောင်း သုံးသပ်ထားပါသည်။

မကြာသေးမီက အမေရိကန်သည် Phang Nga ခရိုင်ရှိ ရေတပ်အခြေစိုက်စခန်းအား ဗျူဟာမြောက်အခြေစိုက်စခန်းအဖြစ် အသုံးပြုရန် တောင်းဆိုထားသည့် အတည်မပြုရသေးသော အစီရင်ခံစာတွင် တရုတ်နိုင်ငံကိုအကျိုးသက်ရောက်မည့် အဓိကဆီသယ်ဆောင်ရာလမ်းကြောင်းဖြစ်သော မလက္ကာရေလက်ကြားကို ထိန်းချုပ်ရန်ဖြစ်ကြောင်း၊ အမေရိကန်နှင့် အခွန်ဆိုင်ရာညှိနှိုင်းမှုများတွင် ပထဝီဝင်နိုင်ငံရေးရှုထောင့်များမှလည်း ပါဝင်သော်လည်း နိုင်ငံအတွင်းသို့ ပြဿနာကို သယ်ဆောင်လာမည်မဟုတ်ဟု ဒုတိယဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီးက ပြောကြားခဲ့ကြောင်း၊ အချို့သောကုန်စည်များကို အခွန်သုညရာခိုင်နှုန်းထိလျှော့ချပါက ပြည်တွင်းစက်မှုလုပ်ငန်းများကို ထိခိုက်နိုင်ကြောင်း၊ ယင်းကုန်စည် များကို သုညရာခိုင်နှုန်းဖြင့် သွင်းခွင့်ပြုသော်လည်း သတ်မှတ်ခွဲတမ်းအတွင်းနှင့်ထုတ်ကုန်စံနှုန်းဖြေလျှော့ခြင်း စသည်ဖြင့်ဆွေးနွေးရန်လိုအပ် ကြောင်း အကြံပြုထားပါသည်။

အခွန်မဟုတ်သော ကိစ္စရပ်များအနေဖြင့် အမေရိကန်အစိုးရက အမေရိကန်ကုမ္ပဏီများအနေဖြင့် အစိုးရစီမံကိန်းများတွင် တင်ဒါဝင်ရောက်ယှဉ်ပြိုင်ရေးခွင့်ပြုပေးခြင်းဖြင့် နိုင်ငံများစွာ၏အစိုးရဝယ်ယူရေးလုပ်ငန်း စဉ်များကို ဖွင့်လှစ်ပေးရန် ဖိအားပေးလျက်ရှိကြောင်း သိရှိရပါသည်။

Source: www.bangkokpost.com

(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News