တောင်ကိုရီးယားနိုင်ငံ၏ စီးပွားရေးသည် ၂၀၂၅ ခုနှစ်၊ ပထမသုံးလပတ်တွင် ၀.၂ ရာခိုင်နှုန်းကျုံ့သွားခဲ့သော်လည်း ဒုတိယသုံးလပတ်တွင် ၀.၆ ရာခိုင်နှုန်းကျယ်ပြန်လာခဲ့ကြောင်း၊ ပြည်တွင်းသုံးစွဲမှုမြင့်မားလာခြင်းနှင့် ပို့ကုန်တင်ပို့မှုတိုးတက်လာခြင်းတို့ကြောင့် စီးပွားရေးပြန်လည်နလန်ထူလာခြင်းဖြစ်ကြောင်း တောင်ကိုရီးယားဗဟိုဘဏ်က ၂၄-၇-၂၀၂၅ ရက်နေ့တွင် ကြေညာခဲ့ပါသည်။
တောင်ကိုရီးယားဗဟိုဘဏ်၏ ကြိုတင်ခန့်မှန်းတွက်ချက်မှုအရ ၂၀၂၅ ခုနှစ်၊ ဧပြီလမှ ဇွန်လအထိကာလအတွင်း နိုင်ငံ၏စီးပွားရေးတိုးတက်မှုကို တိုင်းတာသည့်“ငွေကြေးဖောင်းပွမှုကိုပါထည့်သွင်းစဥ်းစား၍ တွက်ချက် ထားသော စုစုပေါင်းပြည်တွင်းအသားတင်ထုတ်ကုန်(Real Gross Domestic Product-Real GDP)တန်ဖိုး”သည် ယခင်သုံးလပတ်ကာလ (၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ မတ်လအထိ)ကထက် ၀.၆၁ ရာခိုင်နှုန်းတိုးတက်လာခဲ့ပါသည်။အဆိုပါတန်ဖိုးသည် တောင်ကိုရီးယားဗဟိုဘဏ် က ကနဦးခန့်မှန်းထားသည့်တန်ဖိုးထက် ၀.၁ ရာခိုင်နှုန်းတိုးတက်လာခဲ့ခြင်းဖြစ်ပါသည်။ ၂၀၂၅ ခုနှစ်၊ ဒုတိယသုံးလပတ်တွင် နိုင်ငံ၏စီးပွားရေးသည် ၀.၅ ရာခိုင်နှုန်းသာတိုးတက်လာလိမ့်မည်ဟု ဗဟိုဘဏ်က မေလအတွင်း ကနဦးခန့်မှန်းထားခဲ့ပါသည်။
လက်ရှိတွင် စီးပွားရေးတိုးတက်မှုရှိလာသော်လည်း အမေရိကန်ပြည် ထောင်စု၏စည်းကြပ်ခွန် ဆိုင်ရာမူဝါဒများအပါအဝင် အခြားသောအခြေ အနေများကြောင့် အနာဂတ်တွင် တိုးတက်မှုဆက်လက်ရှိနိုင်/မရှိနိုင်ကို သေချာစွာခန့်မှန်းရန်ခက်ခဲပါကြောင်း၊ သို့သော် လက်ရှိစီးပွားရေးတိုး တက်မှုအချက်အလက်များသည် ယခင်နှစ်ကကြုံတွေ့ခဲ့ရသည့် တိုး တက်မှုနှေးကွေးခြင်း(Sluggish Growth)နှင့်နှိုင်းယှဉ်လျှင် သက်သာရာရနေသည့်အခြေအနေကို ညွှန်ပြနေပါကြောင်း ဗဟိုဘဏ်၏ စီးပွားရေးစာရင်းအင်းဆိုင်ရာ အဆင့်မြင့်အရာရှိ Mr. Lee Dong-won က ၂၄-၇- ၂၀၂၅ ရက်နေ့၌ ကျင်းပခဲ့သောသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။
စီးပွားရေးတိုးတက်လာမှုပုံစံကို လေ့လာမှုအရ ပို့ကုန်တင်ပို့မှုနှင့် ပြည် တွင်းသုံးစွဲမှုအားကောင်းလာခြင်းတို့သည် စီးပွားရေးတိုးတက်လာစေခြင်း၏ အဓိကမောင်းနှင်အားများဖြစ်ကြပါကြောင်း၊၂၀၂၅ ခုနှစ်၊ ဒုတိယ သုံးလပတ်ကာလအတွင်း တစ်ပိုင်းလျှပ်ကူးပစ္စည်းများတင်ပို့မှု တိုးတက်လာခြင်းသည် စုစုပေါင်းပို့ကုန်တင်ပို့မှုပမာဏမြင့်မားလာစေရေးကို အထောက်အကူပြုခဲ့ပါကြောင်း၊ ပြည်တွင်းနိုင်ငံရေးပြဿနာကို တည် ငြိမ်အောင်ဖြေရှင်းနိုင်ခဲ့ခြင်းကလည်း စီးပွားရေးပြန်လည်နလန်ထူလာစေရေးအတွက် အထောက်အကူပြုခဲ့ပါကြောင်း၊ အစိုးရက ဒုတိယအကြိမ်ဖြည့်စွက်ဘတ်ဂျက်(Supplementary Budget) ထပ်မံချထားပေးပြီး ဈေးဝယ်ဘောက်ချာများထုတ်ပေးသွားမည့်အစီအစဉ်(Stimulus Coupon Program)ဆောင်ရွက်မည်ဖြစ်သည့်အတွက် ပြည်တွင်းသုံးစွဲမှုအားကောင်းလာနိုင်ပါကြောင်း၊ သို့သော်လည်း အမေရိကန်ပြည်ထောင် စု၏စည်းကြပ်ခွန်ဆိုင်ရာမူဝါဒသည် တတိယသုံးလပတ်တွင် စတင်အသက်ဝင်မည်ဖြစ်သည့်အတွက် တောင်ကိုရီးယားနိုင်ငံ၏စီးပွားရေးအပေါ် သက်ရောက်မှုရှိနိုင်ပါကြောင်း Mr. Lee Dong-won က သတင်း စာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။
Source: Korea Herald (https://m.koreaherald.com/article/10539172)
(ပပ၊ စီးပွားရေးသံမှူး၊ ဆိုးလ်မြို့)