International News

Evelyn Palla အား Deutsche Bahn ၏ အကြီးအကဲအသစ်အဖြစ် အတည်ပြုခန့်အပ်ခဲ့

Last Updated:

ဂျာမန်အစိုးရပိုင် မီးရထားကုမ္ပဏီဖြစ်သော Deutsche Bahn ၏ကြီးကြပ်ရေးဘုတ်အဖွဲ့သည် Evelyn Palla အား အောက်တိုဘာ ၁ ရက်မှစတင်၍ ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ်အသစ်အဖြစ် အတည်ပြုခဲ့ကြောင်း Rail Operator က ၂၃-၉-၂၀၂၅ ရက်တွင် ပြောကြားခဲ့ပါသည်။

ကြီးကြပ်ရေးဘုတ်အဖွဲ့ဥက္ကဋ္ဌ Werner Gatzer က Palla အနေဖြင့် Deutsche Bahn ၏ လတ်တလောအနေအထားကို အောင်မြင်စွာပြန်လည်ဦးဆောင်စတင်နိုင်မည်ဖြစ်ကြောင်း၊သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန၏ အစီအစဉ်ဖြစ်သော ခရီးသည်များအား ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများပေးနိုင်ရေးအတွက် လျင်မြန်စွာအကောင်အထည်ဖော်နိုင်လိမ့်မည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

Deutsche Bahn ၏ ပထမဆုံးအမျိုးသမီး CEO ဖြစ်လာမည့် Palla သည် လက်ရှိတွင် ရထားကုမ္ပဏီ၏ ခရီးသည်ပို့ဆောင်ရေးနှင့် ခရီးတိုရထားဌာနခွဲ(DB Regio)ကို ဦးဆောင်လျက်ရှိပါသည်။

သယ်ယူပို့ဆောင်ရေးဝန်ကြီး Patrick Schnieder က Deutsche Bahn အတွက် ၎င်းရွေးချယ်ခဲ့သော Palla ကို ၂၃-၉-၂၀၂၅ ရက်တွင် မိတ်ဆက်ခဲ့ရာ the Greens ၊ Pro Bahn နှင့် ရထားယာဉ်မောင်းများသမဂ္ဂ(GDL)တို့မှ ချီးကျူးစကားများရရှိခဲ့ကြောင်း၊ သို့သော်လည်း မီးရထားအလုပ်သမားများသမဂ္ဂ(EVG)ကမူ Palla အား CEO အဖြစ် ခန့်အပ်ခဲ့ခြင်းနှင့် ရထားလမ်းအခြေခံအဆောက်အဦဌာနခွဲ(Infrago) ၏ဌာနမှူးအဖြစ် Dirk Rompf ကို Schnieder က ရွေးချယ်ခဲ့ခြင်းတို့အပေါ် ကန့်ကွက်ခဲ့ကြောင်းနှင့် EVG အကြီးအကဲ Martin Burkert က DB Netz ၏ ဘုတ်အဖွဲ့ဝင်ဟောင်းဖြစ်သော Rompf မှာ တစ်ချိန်က လုပ်ငန်းလည်ပတ်မှုကို ထိခိုက်နစ်နာစေနိုင်သော ကုန်ကျစရိတ်ဖြတ်တောက်ခဲ့ခြင်းများဆောင်ရွက်ရာ၌ တာဝန်ရှိသူဖြစ်ခဲ့သည့်အတွက် ယခုအချိန်တွင် အနာဂတ်ရထားလုပ်ငန်းကို ကောင်းမွန်သောစတင်ခြင်းဖြင့် စတင်မည့်သူမဖြစ်နိုင်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Schnieder က ၂၃-၉-၂၀၂၅ ရက်တွင် ဂျာမန်ရုပ်သံလိုင်း ARD ကို ပြောကြားရာ၌ ယခုရွေးချယ်ခဲ့သည့်အစီအစဉ်အပေါ် လူတိုင်းမထောက်ခံသည်ကို ၎င်းအနေဖြင့် နားလည်ပေးနိုင်သော်လည်း စီးပွားရေးဆောင်ရွက်ရာ၌ ပုံမှန်လမ်းကြောင်းအတိုင်း တသမတ်တည်းသွားနေ၍မရကြောင်းနှင့် Palla နှင့် Rompf တို့ကို ရွေးချယ်ခဲ့မှုမှာ အကောင်းဆုံးရွေးချယ်မှုများဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါသည်။

Source:         https://www.dw.com/en/deutsche-bahns-new-boss-wants-to-end-germanys-railway-woes/a-74098594

(သန္တာစော၊ စီးပွားရေးသံမှူး၊ ဘာလင်မြို့)

Category: International News