International News

မြောက်မက်ဆီဒိုးနီးယားနိုင်ငံနှင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆက်ဆံရေးကို ဒူဘိုင်းကုန်သည်များအသင်းမှ အားကောင်းလာစေခဲ့

Last Updated:

ဝန်ကြီးချုပ် ပရော်ဖက်ဆာ ဒေါက်တာ Hristijan Mickoski နှင့် Skopje မြို့တော်တွင် အဆင့်မြင့်တွေ့ဆုံမှုအတွင်း မြောက်မက်ဆီဒိုးနီးယားနိုင်ငံနှင့် နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအတွက် အလားအလာကောင်းများကို ဒူဘိုင်းကုန်သည်ကြီးများအသင်းမှ ရယူနိုင်ခဲ့ပါသည်။

ဒူဘိုင်းကုန်သည်ကြီးများအသင်းဥက္ကဌနှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သူ Moham mad Ali Rashed Lootah ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် စွမ်းအင်၊ ခရီးသွားလုပ်ငန်း၊ စိုက်ပျိုးရေး၊ နည်းပညာနှင့် ကုန်သွယ်မှုအပါအဝင် အဓိကတိုးတက်မှုကဏ္ဍများတွင် နက်ရှိုင်းစွာပူးပေါင်းဆောင်ရွက်မည့် အခွင့်အလမ်းများကို ရှာဖွေခဲ့ကြပါသည်။ အဆိုပါခရီးစဉ်သည် ရင်းနှီးမြှုပ်နှံမှုစီးဆင်းမှုများကို မြှင့်တင် ရန်နှင့် စျေးကွက်နှစ်ခုလုံးတွင် ရေရှည်တည်တံ့သော စီးပွားရေးတိုးတက်မှုအား ပံ့ပိုးပေးမည့် မိတ်ဖက်များတိုးပွားစေရန် ရည်ရွယ်ထားခြင်းဖြစ်ပါသည်။

ဆွေးနွေးမှုများ၌ ဒူဘိုင်း၏အခန်းကဏ္ဍကို ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအချက်အချာအဖြစ် မီးမောင်းထိုးဖော်ပြခဲ့ပြီး မက်ဆီဒိုးနီးယားကုမ္ပဏီများအတွက် နိုင်ငံတကာသို့ချဲ့ထွင်ရန် တံခါးပေါက်တစ်ခုအဖြစ် ၎င်း၏အလားအလာအား အလေးပေးဖော်ပြခဲ့ပါသည်။ ဆက်လက်၍ ဒူဘိုင်းကုန်သည်ကြီးများအသင်းမှ ဆေးဝါးများ၊ အဝတ် အထည်များ၊ မုန့်ဖုတ်ပစ္စည်းများ၊ ဓာတ်သတ္တုရေများနှင့် ကြေးနီဝိုင်ယာကြိုးများကဲ့သို့သော မြောက်မက်ဆီဒိုးနီးယားမှ အလားအလာရှိသည့် ပို့ကုန်အခွင့်အလမ်းများကို ထုတ်ဖော်ခဲ့ကြပါသည်။

ပရော်ဖက်ဆာ Mickoski မှ ကိုယ်စားလှယ်အဖွဲ့ကိုကြိုဆိုခဲ့ပြီး အဆိုပါခရီးစဉ်သည် ပူးပေါင်းဆောင်ရွက်မှုနှင့် ဖက်စပ်ဆောင်ရွက်မည့် စီမံကိန်းများအတွက် လမ်းကြောင်းသစ်များ ဖွင့်လှစ်ပေးမှုအား သတိပြုမိကြောင်းပြောကြားခဲ့ပြီး၊ Lootah က နိုင်ငံတကာမိတ်ဖက်များနှင့် ပေါင်းကူးတံတားများတည်ဆောက်ရန်အတွက် ဒူဘိုင်းကုန်သည်ကြီးများအသင်း၏ ကတိကဝတ်အပေါ် အလေးပေးဖော်ပြခဲ့ကာ ကုန်သွယ်မှုပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် အပြန်အလှန်တိုးတက်စေရန် တွန်းအားပေးနိုင်ခဲ့ ပါသည်။

ဒူဘိုင်းပြည်နယ်နှင့် မြောက်မက်ဆီဒိုးနီးယားနိုင်ငံကြား ရေနံမဟုတ်သောကုန်သွယ်မှုသည် ပြီးခဲ့သည့်ငါးနှစ်အတွင်း စုစုပေါင်း AED ၁.၈ ဘီလီယံဖြစ်ပြီး ၂၀၂၀ ခုနှစ်တွင် ဒူဘိုင်းကုန်သည်ကြီးများအသင်း၌ မှတ်ပုံတင်ထားရှိသော မြောက်မက်ဆီဒိုးနီးယားကုမ္ပဏီအရေအတွက်မှာ ၉ ခုသာရှိခဲ့ရာမှ ၂၀၂၅ ခုနှစ်၊ နှစ်လယ်ပိုင်းတွင် ၅၆ ခုအထိ တိုးတက်လာခဲ့ကာ ၅၂၂ % အထိမြင့်တက်လာခဲ့ပါသည်။ ၎င်းကုမ္ပဏီများ သည် အိမ်ခြံမြေနှင့်စီးပွားရေးဝန်ဆောင်မှုလုပ်ငန်းများမှ ဆောက်လုပ်ရေးနှင့် ပညာ ရေးဝန်ဆောင်မှုလုပ်ငန်းများအထိ ကဏ္ဍများအလိုက် တက်ကြွစွာလုပ်ကိုင်လျက်ရှိကြပါသည်။

အဆိုပါခရီးစဉ်သည် ဒူဘိုင်းကုန်သည်ကြီးများအသင်း၏ ကြီးထွားစင်္ကြံများ (Growth Corridors)ပဏာမလှုပ်ရှားမှုခြေလှမ်း၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အလားအလာမြင့်မားသောကမ္ဘာ့ဈေးကွက်များနှင့်ဆက်ဆံရေးကို ခိုင်မာစေရန်၊ ဖက်စပ်လုပ်ငန်းများအား တွန်းအားပေးရန်နှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအတွက် လမ်းကြောင်းသစ်များဖန်တီးရန်အတွက် ပုံစံထုတ်ထားခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

Source: Emirates News Agency

(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ အဘူဒါဘီမြို့)

Category: International News