International News

အိန္ဒိယကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၏ ၂၀၂၃ ခုနှစ် နှစ်ကုန် သုံးသပ်ချက်ထုတ်ပြန်

Last Updated:

အိန္ဒိယကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၏ ၂၀၂၃ ခုနှစ် နှစ်ကုန်သုံးသပ်ချက်ကို အိန္ဒိယအစိုးရ သတင်းပြန်ကြားရေးဗျူရိုမှ ဒီဇင်ဘာလ ၁၉ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါထုတ်ပြန်ကြေညာချက်တွင် ၂၀၂၃ ခုနှစ် အိန္ဒိယနိုင်ငံခြားကုန်သွယ်ရေးမူဝါဒသစ်ထုတ်ပြန်ခြင်း၊ဂျီ-၂၀ထိပ်သီးအစည်းအဝေးကို အိမ်ရှင်အဖြစ် ကျင်းပခဲ့ခြင်း၊ Bharat Mandapam ခေါ် ဆွေးနွေးပွဲနှင့်ကုန်စည်ပြပွဲဗဟိုဌာနတစ်ခုဖွင့်လှစ်နိုင်ခဲ့ခြင်း၊ ကုန်သွယ်ရေးအငြင်းပွားများကို ဖြေရှင်းနိုင်ခဲ့ခြင်းစသည်တို့အပါအဝင် ဌာန၏တစ်နှစ်တာအတွင်းရှိ သိသာထင်ရှားသော လုပ်ဆောင်ချက်များကို ဖော်ပြထားသည်။

အိန္ဒိယနိုင်ငံသည် အဓိကမဏ္ဍိုင်(၄)ရပ်ပါဝင်သော ၂၀၂၃ ခုနှစ် နိုင်ငံခြားကုန်သွယ်ရေးမူဝါဒသစ်ကို ၂၀၂၃ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ၎င်းတွင် ပို့ကုန်လုပ်ငန်းရှင်များအား မက်လုံးပေးဆွဲဆောင်ရေး၊ ပို့ကုန်မြှင့်တင်ရေး၊ စီးပွားရေးလုပ်ကိုင်ရန်လွယ်ကူခြင်း(Ease of Doing Business)နှင့် အခြားအလားအလာရှိသောကဏ္ဍများ(Emerging area)တို့ပါဝင်သည်။ သိသာထင်ရှားသောအချက်များမှာ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအတွက် စာရွက်စာတမ်းအသုံးပြုမှုနည်းနိုင်သမျှနည်းစေရန် ဆောင်ရွက်ပေးခြင်း၊ အကောင်းဆုံးတင်ပို့နိုင်သည့်မြို့များ (Towns of Export Excellence) သတ်မှတ်ခြင်းနှင့် အကောင်းဆုံးစွမ်းဆောင်နိုင်သည့် ပို့ကုန်လုပ်ငန်းရှင်လက်မှတ်ထုတ်ပေးသော အစီအစဉ် (Status Holder Scheme)တို့ဖြစ်သည်။

၂၀၂၃ ခုနှစ်တွင် အိန္ဒိယနိုင်ငံသည် ဂျီ-၂၀ ဥက္ကဌတာဝန်ကိုရယူ၍ ထိပ်သီးအစည်းအဝေးများကို အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည်။ အဆိုပါအစည်းအဝေးများမှ ကုန်သွယ်ရေးကို ဒီဂျစ်တယ်ပြုရေးအဆင့်မြင့်မူများချမှတ်ရန်နှင့် MSME လုပ်ငန်းများ သတင်းအချက်အလက်ကောင်းမွန်လွယ်ကူစွာရရှိနိုင်ရန်ရည်ရွယ်သည့် Jaipur Call for Action စသည့် ရလဒ်ကောင်းများစွာကို ရရှိခဲ့သည်။

ကုန်သွယ်ရေးဌာန၏ အခြားထင်ရှားသောလုပ်ဆောင်ချက်မှာ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်နေ့က နယူးဒေလီမြို့တော်၊ Pragati Maidan တွင် ဝန်ကြီးချုပ်နာရန်ဒရာမိုဒီဖွင့်လှစ်ခဲ့သော 'Bharat Mandapam' ခေါ် အပြည်ပြည်ဆိုင်ရာပြပွဲနှင့် ဆွေးနွေးပွဲဗဟိုဌာနသစ်(International Exhibition-cum-Convention Centre-IECC) ဖြစ်သည်။

၂၀၂၃ ခုနှစ်တွင် အိန္ဒိယနှင့် အမေရိကန်ပြည်ထောင်စုတို့အကြား ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO)၌ဖြစ်ပွားခဲ့သော ကုန်သွယ်ရေးအငြင်းပွားမှုများကို အပြီးသတ်ဖြေရှင်းနိုင်ခဲ့ပြီး၊ တစ်ပိုင်းလျှပ်ကူးပစ္စည်းများရောင်းချရန်နှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ ဂေဟစနစ်တို့နှင့် သက်ဆိုင်သော နားလည်မှုစာချွန်လွှာအား လက်မှတ်ရေးထိုးနိုင်ခဲ့သည်။

အိန္ဒိယကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် နှစ်နိုင်ငံဆက်ဆံရေးနှင့်ပတ်သက်၍ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့မှ ၁၂ ရက်နေ့အထိ အိန္ဒိယ-ယူအေအီးဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်(India-UAE Comprehensive Economic Partnership Agreement) အတွက် ပထမဆုံးအကြိမ် နှစ်နိုင်ငံပူးတွဲကော်မတီအစည်းအဝေးကို နယူးဒေလီမြို့တော်တွင်လည်းကောင်း၊ ယူအေအီးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုအဆင့်မြင့်ပူးတွဲအထူးလုပ်ငန်းအဖွဲ့အစည်းအဝေးကို ယူအေအီးနိုင်ငံ အဘူဒါဘီမြို့တော်တွင်လည်းကောင်း ကျင်းပပြုလုပ်ခဲ့သည်။

ထို့အပြင် အာဖရိကနိုင်ငံအသီးသီးမှ သံအမတ်ကြီး(၁၅)ဦးအား ဖိတ်ခေါ်၍ ဆွေးနွေးပွဲကျင်းပခြင်း၊ အိန္ဒိယ-ယူကေလွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက်(India-UK FTA)၊ ဩစတေးလျနိုင်ငံနှင့်ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာသဘောတူညီချက်ကိစ္စ၊ အိန္ဒိယ-အီးယူ လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက်၊ သီရိလင်္ကာနိုင်ငံတို့နှင့် အလားတူဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ကာ နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စများကို ဆောင်ရွက်ခဲ့ပါသည်။

၂၀၂၃ ခုနှစ်တွင် အိန္ဒိယနိုင်ငံခြားကုန်သွယ်မှုညွှန်ကြားမှုဌာန(DGFT)မှ ဒရုန်းတင်ပို့မှုဆိုင်ရာ မူဝါဒပြင်ဆင်ဖြေလျှော့ခြင်းနှင့် ပို့ကုန်ပစ္စည်းများအပေါ် အကောက်ခွန်သက်သာခွင့်လျှောက်ထားခြင်းအစီအစဉ်(The Scheme for Remission of Duties and Taxes on Exported Products-RoDTEP) အား ၂၀၂၄ ခုနှစ် ဇွန်လ ၃၀ ရက်နေ့အထိ အချိန်ထပ်မံတိုးချဲ့၍ သတ်မှတ်ပေးခဲ့သည်။ ထို့အပြင် အစိုးရ၏ အီလက်ထရောနစ်အရောင်းအဝယ်ဈေးကွက်(Government e Marketplace-GeM)မှတစ်ဆင့် အမျိုးသမီးများပါဝင်ရောင်းဝယ်နိုင်ရေးမြှင့်တင်မှု('Womaniya' initiative)အခမ်းအနားကို ဘာရက်အမျိုးသမီးကိုယ်ပိုင်အလုပ်ငန်းရှင်များအသင်း(Self-Employed Women’s Association, Bharat-SEWA Bharat) နှင့် ပူးတွဲကျင်းပခဲ့ပါသည်။

သုံးသပ်တင်ပြချက်

အိန္ဒိယနိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာစီးပွားရေးနှေးကွေးလေးလံမှုများဖြစ်ပေါ်လျက်ရှိစဉ် ၂၀၂၃ ခုနှစ် ဧပြီလမှ နိုဝင်ဘာလအထိ ကုန်စည်နှင့်ဝန်ဆောင်မှုနှစ်ရပ်လုံး၏ ကုန်သွယ်မှုတန်ဖိုးစုစုပေါင်း ကန်ဒေါ်လာ ၅၀၀ ဘီလီယံနီးပါးအထိရရှိအောင် လုပ်ဆောင်နိုင်ခဲ့သော်လည်း မူလရည်မှန်းထားသော ကန်ဒေါ်လာ ၇၆၀ ဘီလံယံထက် နည်းပါးခဲ့သည်ကို တွေ့ရှိရပါသည်။ သို့သော် ဘဏ္ဍာနှစ်ကုန်အထိ ကုန်သွယ်မှု ဆက်လက်တိုးတက်နေမည့် လက္ခဏာရှိပါသည်။ အိန္ဒိယနိုင်ငံ၏ ၂၀၂၃ ခုနှစ် နိုင်ငံခြားကုန်သွယ်ရေးမူဝါဒသစ်အရ ၂၀၃၀ ပြည့်နှစ်တွင် ကုန်သွယ်မှုတန်ဖိုးကန်ဒေါ်လာ ၂ ထရီလီယံအထိရရှိအောင် မျှော်မှန်းချက်ထား၍ အကောင်အထည်ဖေါ်လုပ်ဆောင်လျက်ရှိပါသည်။ သို့ပါ၍ အိန္ဒိယကူးသန်း ရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ ၂၀၂၃ ခုနှစ် နှစ်ကုန်သုံးသပ်ချက်ပါအဓိကအချက်များကို ကောက်နုတ်၍ လေ့လာသုံးသပ်တင်ပြလိုက်ရပါသည်။

ရည်ညွှန်းချက်။     အိန္ဒိယအစိုးရ သတင်းပြန်ကြားရေးဗျူရို၊ “Year End Review 2023 for Department of Commerce, Ministry of Commerce and Industry”၊ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်။

https://pib.gov.in/PressReleseDetailm.aspx?PRID=1988357

(ကောင်းထွဋ်အောင်၊  စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: International News