အိန္ဒိယနိုင်ငံ၏သကြားထုတ်လုပ်မှုသည် ၂၀၂၅-၂၆ ရာသီ၊ ဇန်နဝါရီလ ၁၅ ရက်နေ့အထိကာလတွင် ယခင်နှစ်ကာလတူထက် ၂၂ ရာခိုင်နှုန်းမြင့်တက်လာပြီး တန်ချိန် ၁၅.၉ သန်းရှိလာကြောင်း အိန္ဒိယသကြားနှင့် ဇီဝစွမ်းအင်ထုတ်လုပ်သူများအသင်းဖြစ်သည့် ISMA က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။ ကြံကုန်ကြမ်းရရှိမှုပိုမိုများပြားလာခြင်းနှင့် အထွက်နှုန်းပိုမိုကောင်းမွန်လာခြင်းတို့ကြောင့် ယခုကဲ့သို့ထုတ်လုပ်မှုမြင့်တက်လာခြင်းဖြစ်ကြောင်း၊ ပြီးခဲ့သည့်နှစ် ကာလတူတွင် သကြားထုတ်လုပ်မှုမှာ တန်ချိန် ၁၃ သန်းသာရှိခဲ့ကြောင်း Indian Sugar & Bio-Energy Manufacturers Association(ISMA)၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သကြားထုတ်လုပ်မှုရာသီမှာ အောက်တိုဘာလမှ စက်တင်ဘာလအထိဖြစ်ပြီး၊ ယခင်နှစ် အလားတူကာလက သကြားစက်ရုံ ၅၀၀ လည်ပတ်ခဲ့ရာမှ ယခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့အထိတွင် လည်ပတ်နေသည့်သကြားစက်ရုံအရေအတွက်မှာ ၅၁၈ ရုံအထိရှိလာခဲ့ကြောင်းသိရှိရသည်။
သကြားအများဆုံးထုတ်လုပ်သည့် မဟာရရှ်ထရာပြည်နယ်(Maharashtra)တွင် ထုတ်လုပ်မှုမှာ ၅၁ ရာခိုင်နှုန်းအထိမြင့်တက်ခဲ့ပြီး ယခင်နှစ်က ၄.၂၇ သန်းတန်ရှိခဲ့ရာမှ ယခုအခါ ၆.၄၅ သန်းတန်အထိရှိလာခဲ့ကြောင်း၊ အလားတူ ဥတ္တရာပရာဒေ့ရှ်ပြည်နယ်(Uttar Pradesh)တွင်လည်း တန်ချိန် ၄.၂၈ သန်းမှ ၄.၆ သန်းထိတိုးတက်လာခဲ့ကြောင်းနှင့် ကာနာတာကာပြည်နယ်(Karnataka)၏ ထုတ်လုပ်မှုမှာမူ ယခင်နှစ်ကာလတူက ၂.၇၅ သန်းတန်ရှိခဲ့ရာမှ ယခုနှစ်တွင် ၃.၁ သန်းသို့ မြင့်တက်လာခဲ့ကြောင်း သိရသည်။
၂၀၂၅-၂၆ ရာသီအတွင်း အိန္ဒိယနိုင်ငံ၏သကြားကဏ္ဍသည် ကြံကုန်ကြမ်းလုံလောက်စွာရရှိခြင်း၊ စိုက်ပျိုးထုတ်လုပ်မှုစွမ်းအားပိုမိုကောင်းမွန်လာခြင်းနှင့် အဓိကထုတ်လုပ်သည့်ဒေသများတွင် လုပ်ငန်း လည်ပတ်မှုများပိုမိုချောမွေ့လာခြင်းတို့ကြောင့် ယခုအချိန်အထိ တည်ငြိမ်သောတိုးတက်မှုများရှိနေပါကြောင်း၊ သို့သော် လည်း ကြံဈေးနှုန်းများမြင့်တက်လာခြင်းနှင့် သကြားရောင်းချမှုမှ ပြန်လည်ရရှိသည့်အကျိုးအမြတ်များ လျော့နည်းလာခြင်းတို့ကြောင့် သကြားစက်ရုံများ၏ ဘဏ္ဍာရေးအခြေအနေကို ကျပ်တည်းစေပြီး တောင်သူများအား ကြံဖိုးငွေပေးချေမှုများကို ကြန့်ကြာစေနိုင်ကြောင်း ISMA က သတိပေးပြောကြားထားသည်။
မဟာရရှ်ထရာပြည်နယ်နှင့် ကာနာတာကာပြည်နယ်များရှိ သကြားစက်ရုံထွက်ဈေး (Ex-mill prices)များသည် တစ်ကွမ်တယ်(၁၀၀ ကီလိုဂရမ်)လျှင် ရူပီး ၃,၅၅၀ ဝန်းကျင်အထိကျဆင်းသွားခဲ့ပြီး၊ ယင်းဈေးနှုန်းသည် ထုတ်လုပ်မှုကုန်ကျစရိတ်ထက် သိသိသာသာလျော့နည်းနေကြောင်း ISMA က ပြောကြားထားသည်။
သကြားထုတ်လုပ်မှုတိုးတက်လာပြီး ဈေးကွက်အတွင်းသကြားလက်ကျန်စာရင်းမြင့်တက်နေမှု များဆက်လက်ဖြစ်ပေါ်နေသောကြောင့် တောင်သူများအား ပေးချေရန်ကျန်ရှိသည့် ကြံဖိုးကြွေးကျန်များစတင်များပြားလာနေပါကြောင်းနှင့် ရှေ့တွင်လည်း ပိုမိုတိုးလာနိုင်သည့် အရိပ်အယောင်များရှိနေကြောင်း ISMA က ပြောကြားထားသည်။
ထို့ကြောင့် သကြားလုပ်ငန်းရှင်များအား ဘဏ္ဍာရေးအရ ပြန်လည်ရပ်တည်နိုင်စေရန်နှင့် တောင်သူများအား ငွေပေးချေမှုများ အချိန်မီဆောင်ရွက်နိုင်ရန်အတွက် သကြား၏အနိမ့်ဆုံး ရည်ညွှန်းသတ်မှတ်ဈေးနှုန်း(MSP)ကို အမြန်ဆုံးပြန်လည်သုံးသပ်ပြင်ဆင်ပေးရန် ISMA က တောင်းဆိုထားကြောင်း သိရသည်။
Source: India’s sugar output jumps 22% to 15.9 million tonnes by mid January, ISMA, The Economic Times, January 20, 2026.
(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)