၂၀၂၅ ခုနှစ်အတွင်း အိန္ဒိယနိုင်ငံ၏ ကော်ဖီတင်ပို့မှုသည် ပမာဏအားဖြင့် ၄.၄၇ ရာခိုင်နှုန်းလျော့ကျကာ တန်ချိန် ၃.၈၄ သိန်းသာရှိခဲ့သော်လည်း ပို့ကုန်တန်ဖိုးမှာမူ ၂၂.၅၀ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂,၀၅၈.၀၆ သန်းအထိရရှိခဲ့ကြောင်း ကော်ဖီဘုတ်အဖွဲ့(Coffee Board)၏ အချက်အလက်များအရ သိရှိရသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်တွင် ကော်ဖီတင်ပို့မှုပမာဏမှာ တန်ချိန် ၄.၀၂ သိန်းရှိခဲ့ရာမှ ယခုနှစ်တွင် လျော့ကျသွားခြင်းဖြစ်သော်လည်း တစ်တန်ချင်းစီ၏ပျမ်းမျှရရှိသည့် တန်ဖိုး(Unit value realisation)မှာ ၂၀၂၄ ခုနှစ်က တစ်တန်လျှင် ရူပီး ၃.၄၈ သိန်းသာရှိခဲ့ရာမှ ၂၀၂၅ ခုနှစ်တွင် ရူပီး ၄.၆၅ သိန်းအထိ ပိုမိုမြင့်မားလာခဲ့ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ ကော်ဖီထုတ်လုပ်မှုတွင် အဆင့်(၇)ရှိပြီး တင်ပို့မှုတွင် အဆင့် (၅)နေရာတွင် ရပ်တည်နေသည့်နိုင်ငံဖြစ်ပါသည်။
အိန္ဒိယကော်ဖီဘုတ်အဖွဲ့၏အချက်အလက်များအရ အာရေးဘီးကား(Arabica) ကော်ဖီအမျိုးအစားတင်ပို့မှုမှာ သိသိသာသာလျော့ကျခဲ့ကြောင်းသိရသည်။ ပြီးခဲ့သည့်နှစ်က အာရေးဘီးကားတန်ချိန် ၄၄,၃၁၅ တင်ပို့ခဲ့သော်လည်း ၂၀၂၅ ခုနှစ်အတွင်း တန်ချိန် ၁၅,၆၀၇ သာတင်ပို့နိုင်ခဲ့သဖြင့် ၆၅ ရာခိုင်နှုန်းအထိကျဆင်းသွားခဲ့သည်။
အိန္ဒိယကော်ဖီကို အဓိကတင်ပို့သည့် ထိပ်တန်းနိုင်ငံသုံးနိုင်ငံမှာ အီတလီ၊ ရုရှားနှင့် ဂျာမနီတို့ဖြစ်ကြသည်။ ၂၀၂၅ ခုနှစ်အတွင်း အီတလီနိုင်ငံသို့ တန်ချိန် ၆၀,၆၈၈၊ ရုရှားနိုင်ငံသို့ တန်ချိန် ၃၁,၅၀၅ နှင့် ဂျာမနီနိုင်ငံသို့ တန်ချိန် ၂၈,၈၄၀ အသီးသီးတင်ပို့ခဲ့ကြောင်း သိရသည်။
Source: India’s 2025 coffee exports rise 22.50% in value terms: volumes fall 4.47 % , The Economic Times, Jan 22, 2026.
(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)