ဖိလစ်ပိုင်နိုင်ငံသည် ၂၀၂၆ ခုနှစ် ပထမ ၄ လပတ်တွင် ဆန်ထုတ်လုပ်မှုလျော့နည်းနိုင်သည့် စိုးရိမ်မှုများကြောင့် ဆန်တင်သွင်းမှုကို ၁၈ ရာခိုင် နှုန်းတိုးမြှင့်ခဲ့ပြီး တန်ချိန် ၁.၆၈ သန်းအထိ(၁.၇ သန်းနီးပါး)ရောက်ရှိခဲ့သည်။ Bureau of Plant Industry(BPI)၏အချက်အလက်များအရ Sanitary and Phytosanitary(SPS)ခွင့်ပြုချက်တန်ချိန် ၂.၂၄ သန်းခန့်တင်သွင်းရန်ခွင့်ပြုထားသော်လည်း ဧပြီလကုန်အထိ ၇၁ ရာခိုင်နှုန်းသာ နိုင်ငံအတွင်း ဆိုက်ရောက်ရှိသေးကြောင်း သိရသည်။
ဗီယက်နမ်နိုင်ငံသည် ဖိလစ်ပိုင်နိုင်ငံသို့ ဆန်အများဆုံးတင်ပို့သည့် နိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေပြီး အိမ်နီးချင်းဗီယက်နမ်နိုင်ငံမှ ဆန်တင်သွင်းမှုသည် တန်ချိန် ၁.၄၆သန်းအထိရှိခဲ့ရာ ၎င်းပမာဏသည် စုစုပေါင်း ဆန်တင်သွင်းမှု၏ ၈၆ ရာခိုင်နှုန်းကျော်ရှိခဲ့ကြောင်း၊ ယင်းနောက်တွင် ထိုင်းနိုင်ငံမှ ဆန်တန်ချိန် ၁၀၄,၀၅၂ တင်ပို့ခဲ့ပြီး၊ မြန်မာနိုင်ငံမှ တန်ချိန် ၇၂,၁၄၇ နှင့် ကမ္ဘောဒီးယားနိုင်ငံမှ တန်ချိန် ၃၅,၅၆၅ အသီးသီးလိုက်ပါတင်ပို့ခဲ့ကြကြောင်း သိရှိရသည်။
ဓာတ်မြေဩဇာစရိတ်စကများမြင့်မားလာခြင်းနှင့် ပြင်းထန်သော "စူပါအယ်လ်နီညို"(Super El Niño)ရာသီဥတုဖြစ်ပေါ်လာနိုင်ခြေရှိသော သက်ရောက်မှုများကြောင့် ယခုနှစ်အတွင်း ထွက်ရှိမည့် ပြည်တွင်းဆန်ထုတ်လုပ်မှုလျော့နည်းသွားနိုင်ခြေကို ကာမိစေရန်အတွက် အစိုးရသည် ယခုကဲ့သို့ဆန်တင်သွင်းမှုများကို အသုံးပြုရန်စီစဉ်ထားခြင်းဖြစ်ပြီး ပြီးခဲ့သည့်သီတင်းပတ်အတွင်းကလည်း ဖိလစ်ပိုင်စိုက်ပျိုးရေးဌာန(Depart ment of Agriculture-DA)က လာမည့်နှစ်အထိ ဆန်တန်ချိန် ၁.၅ သန်း တင်သွင်းရန်အတွက် ဗီယက်နမ်နိုင်ငံနှင့် ဆန်ဝယ်ယူရေးသဘောတူညီချက်တစ်ရပ်ချုပ်ဆိုခဲ့ကြောင်း ကြေညာခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံတွင် ပြီးခဲ့သည့်ဧပြီလက ငွေကြေးဖောင်းပွမှုနှုန်း ၇.၂ ရာခိုင်နှုန်းအထိ သုံးနှစ်တာကာလအတွင်း အမြင့်ဆုံးမြင့်တက်ခဲ့ပြီး ဆန်ဈေးနှုန်းမှာလည်း ၁၃.၇ရာခိုင်နှုန်းအထိခုန်တက်သွားခဲ့သဖြင့် ပြည်တွင်း ဆန်လက်လီဈေးနှုန်းများပြန်လည်တည်ငြိမ်စေရန်အတွက် ယခုကဲ့သို့ဆန်တိုးမြှင့်တင်သွင်းရခြင်းဖြစ်ကြောင်း၊ သို့ရာတွင် ဗီယက်နမ်မှ အမှန်တကယ်တင်သွင်းမည့် ဆန်ပမာဏကို ကမ္ဘာ့ဈေးကွက်နှင့် ပြည်တွင်းဆန်ထွက်ရှိမှုအပေါ် မူတည်၍ ချိန်ညှိသွားမည်ဖြစ်ပြီး လာမည့်ဇွန်လမှ အောက်တိုဘာလ မိုးစပါးပေါ်ချိန်အတွင်း ပြည်တွင်းစပါးဈေးနှုန်းများကျဆင်းမသွားစေရန်နှင့် ပြည်တွင်းလယ်သမားများအား မျှတသောအကျိုးအမြတ် ဆက်လက်ရရှိစေရန်အတွက် နိုင်ငံခြားမှ ဆန်တင်သွင်း မည့်ပမာဏကိုကန့်သတ်ရန် စိုက်ပျိုးရေးဌာန(DA)က စဉ်းစားနေကြောင်း စိုက်ပျိုးရေးဝန်ကြီးက အထူး ပြောကြားခဲ့သည်။
အဆိုပါဆန်တင်သွင်းမှုကန့်သတ်ချက်မှာ လက်ရှိအဆိုပြုထားသည့် ဆန်စပါးလုပ်ငန်းနှင့် စားသုံးသူအခွင့်အာဏာမြှင့်တင်ရေး(Rice Industry and Consumer Empowerment-RICE)ဥပဒေမူကြမ်းပြဋ္ဌာန်းနိုင်မှုအပေါ် မူတည်နေဆဲဖြစ်သော်လည်း အစိုးရအနေဖြင့် ထို (၅)လတာကာလအတွင်း လစဉ်ဆန်တင်သွင်းမှုကို တန်ချိန် ၁ သိန်းခွဲမှ ၂ သိန်းကြားသာခွင့်ပြုရန် အကဲဖြတ်သုံးသပ်နေကြောင်း သိရှိရသည်။
ဖိလစ်ပိုင်အစိုးရသည် စားသုံးသူများကို အကာအကွယ်ပေးရန် တင်သွင်းလာသည့် ဆန်များကို တစ်ကီလိုလျှင် ၅၀ ပီဆိုထက် ပိုမရောင်းရဟု အမြင့်ဆုံးဈေးနှုန်းကန့်သတ်ရန် စီစဉ်နေကြောင်းနှင့် မေလ ၁၂ ရက်နေ့အထိ မနီလာဈေးကွက်တွင် တင်သွင်းဆန်အမျိုးအစားအလိုက် တစ်ကီလိုလျှင် ၄၂.၅၀ ပီဆိုမှ ၅၈.၁၄ ပီဆိုကြား အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရသည်။ စိုက်ပျိုးရေးဝန်ကြီးက ဗီယက်နမ်အပြင် မြန်မာ၊ ကမ္ဘောဒီးယား၊ အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံတို့ထံမှလည်း ဆန်များ ပိုမိုတိုးမြှင့်တင်သွင်းရန်စဉ်းစားနေကြောင်း ပြောကြားခဲ့သည်။
https://mb.com.ph/2026/05/12/rice-imports-up-18-at-end-april-amid-el-nino-fears
(အိသဇင်စိုး၊ စီးပွားရေးသံမှူး၊ မနီလာမြို့)