International News

အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် အိန္ဒိယ၏ မြေဩဇာထောက်ပံ့ကြေးဝန်ထုပ်ဝန်ပိုး ရူပီးကုဋေ ၇၀,၀၀၀ ခန့်အထိ ပိုမိုမြင့်တက်လာနိုင်

Last Updated:

လက်ရှိဖြစ်ပွားနေသည့် အရှေ့အလယ်ပိုင်း(အနောက်အာရှ)ပဋိပက္ခများကြောင့် ပြည်ပမှ တင်သွင်းရသည့် ယူရီးယားနှင့် အခြားမြေဩဇာများ ကုန်ကျစရိတ်များမြင့်တက်လာလျက်ရှိကြောင်း သိရှိရသည်။ ထို့ကြောင့် ၂၀၂၆-၂၇ ဘဏ္ဍာရေးနှစ်အတွက် အိန္ဒိယအစိုးရ၏ မြေဩဇာထောက်ပံ့ ကြေးအသုံးစရိတ်သည် ရူပီးကုဋေ ၇၀,၀၀၀ ခန့်အထိသိသိသာသာတိုးတက်လာနိုင်ပြီး စုစုပေါင်းရူပီး ၂.၄၁ လက်သန်းကုဋေ(၂.၄၁ lakh crore)အထိရှိလာနိုင်ကြောင်း အိန္ဒိယနိုင်ငံ၊ မြေဩဇာဦးစီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားခဲ့ကြောင်း သိရှိရသည်။

အနောက်အာရှဖြစ်ပေါ်တိုးတက်မှုများနှင့်ပတ်သက်၍ ဝန်ကြီးဌာနများအချင်းချင်းပြုလုပ်သည့် ရှင်းလင်းပွဲတစ်ခုတွင် မြေဩဇာဦးစီးဌာန၏ အတွင်းရေးမှူး Aparna S Sharma က  ထောက်ပံ့ကြေး ကုန်ကျစရိတ်များမြင့်တက်လာမည်မှာ သေချာပါကြောင်း၊ သို့သော် မည်သည့်ရာခိုင် နှုန်းအထိမြင့်တက်မည်ကိုမူ အတိအကျပြောနိုင်ခြင်းမရှိပါကြောင်း၊ တိုးမြင့်လာမည့်ပမာဏသည် ရူပီးဋေ ၇၀,၀၀၀ ခန့်အထိဖြစ်လာနိုင်သည်ဟု ပြောကြားခဲ့ကြောင်းသိရှိရသည်။ ၂၀၂၆-၂၇ ဘဏ္ဍာရေးနှစ်အတွက် အစိုးရ၏ မူလလျာထားသည့် မြေဩဇာထောက်ပံ့ကြေး ဘတ်ဂျက်ပမာဏမှာ ရူပီး ၁.၇၁ လက်သန်းကုဋေ(၁.၇၁ lakh crore)ဖြစ်ကြောင်း သိရသည်။

အိန္ဒိယအစိုးရသည် ရွှေအပေါ်သွင်းကုန်ခွန်တိုးမြှင့်ကောက်ခံခဲ့ပြီးနောက် မကြာမီအချိန်တွင် အခြားအရေးကြီးကုန်စည်တစ်ခုဖြစ်သည့် စားသုံးဆီအပေါ်တွင်လည်း သွင်းကုန်တိုးမြှင့်ပေးရန် ပြည်တွင်းဟင်းသီးဟင်းရွက်ဆီလုပ်ငန်းရှင်များ၏တောင်းဆိုချက်ကို ထပ်မံစဉ်းစားလျက်ရှိကြောင်းသိရသည်။

ကမ္ဘာပေါ်တွင် စားသုံးဆီအများဆုံးတင်သွင်းနေသည့် အိန္ဒိယနိုင်ငံအနေ ဖြင့် အခွန်နှုန်းထားများတိုးမြှင့်လိုက်ပါက ပြည်တွင်းရှိတောင်သူများအနေဖြင့် ၎င်းတို့၏သီးနှံများအတွက် ပိုမိုကောင်းမွန်သော ဈေးနှုန်းများ ရရှိနိုင်ခြင်းရှိ/မရှိစိစစ်သုံးသပ်နေခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ တရား ဝင်ဆုံးဖြတ်ချက်ချမှတ်ရခြင်းမရှိသေးကြောင်းလည်း သိရှိရပါသည်။

အရှေ့အလယ်ပိုင်းစစ်ပွဲပဋိပက္ခများကြောင့် ထောက်ပံ့ရေးကွင်းဆက်များပြတ်တောက်မှုဖြစ်ပေါ်ကာ ဟင်းသီးဟင်းရွက်ဆီ၊ အသားနှင့် ကောက်ပဲသီးနှံဈေးနှုန်းများမြင့်တက်လာခဲ့ပြီး ၂၀၂၆ခုနှစ်၊ဧပြီလအတွင်း ကုလသမဂ္ဂ၏ ကမ္ဘာ့စားသောက်ကုန်ဈေးနှုန်းအညွှန်းကိန်းသည် သုံးနှစ်ကျော်ကာလအတွင်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသွားခဲ့ကြောင်း သိရှိရပါသည်။

အထူးသဖြင့် ကမ္ဘာပေါ်တွင် သုံးစွဲမှုအများဆုံး စားသုံးဆီဖြစ်သည့် စားအုန်းဆီ(Palm oil)ဈေးနှုန်းသည် စစ်ပွဲများစတင်ချိန်မှစ၍ ၁၂ ရာခိုင် နှုန်းခန့်အထိမြှင့်တက်သွားကြောင်းသိရှိရသည်။ စားအုန်းဆီအဓိကထုတ်လုပ်သည့် အင်ဒိုနီးရှားနှင့်မလေးရှားနိုင်ငံတို့မှ စွမ်းအင်စရိတ်ကြီးမြင့်လာမှုဒဏ်ကို လျှော့ချနိုင်ရေးအတွက်   ဇီဝလောင်စာ(Biofuel) ထုတ်လုပ်မှုကို ပိုမိုတိုးမြှင့်လာခြင်းကြောင့်ဖြစ်ကြောင်း သိရှိရသည်။ သို့သော်လည်း အိန္ဒိယနိုင်ငံမှ သွင်းကုန်ခွန်တိုးမြှင့်ပြီး ဝယ်ယူမှုပမာဏကို လျှော့ချလိုက်မည်ဆိုပါက ယခုကဲ့သို့စားအုန်းဆီဈေးနှုန်း ဆက်တိုက်မြင့်တက်နေမှုကို ပြန်လည်ထိန်းချုပ်သွားနိုင်ဖွယ်ရှိကြောင်းသိရှိရသည်။

Source: The Telegraph Online : West Asia crisis may raise India fertiliser subsidy burden by Rs 70,000 crore

(ဖြူသဲနွယ်၊ စီးပွားရေးသံမှူး၊ ကောလ်ကတ္တားမြို့)

Category: International News