တရုတ်နိုင်ငံ၏ နယ်စပ်ဖြတ်ကျော်အီလက်ထရောနစ်ကူးသန်းရောင်းဝယ်ရေး (cross-border e-commerce)ကဏ္ဍသည် ၂၀၂၄ ခုနှစ်တွင် မှတ်တိုင်သစ်တစ်ခုစိုက်ထူနိုင်ခဲ့ပြီး ပထမဆုံးအကြိမ်အဖြစ် နှစ်စဉ်ပို့ကုန်ဝင်ငွေ ယွမ်(၂)ထရီလီယံ(အမေရိကန်ဒေါ်လာ ၂၇၈.၅၉ ဘီလီယံခန့်)ရရှိခဲ့ကြောင်း အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့(GAC)၏ အချက်အလက်များအရ သိရှိရပါသည်။
အဆိုပါကဏ္ဍ၏ပို့ကုန်သည် ၂၀၂၄ ခုနှစ်တွင် ယွမ်(၂.၁၅)ထရီလီယံရောက်ရှိကာ တစ်နှစ်ထက်တစ်နှစ် (၁၆.၉)ရာခိုင်နှုန်းတိုးလာပြီး စုစုပေါင်းနယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုပမာဏသည် ယွမ်(၂.၇၁) ထရီလီယံရှိခဲ့ကြောင်း သိရှိရပါသည်။
မကြာသေးမီနှစ်များအတွင်း တရုတ်နိုင်ငံ၏ cross-border e-commerce သည် လျင်မြန်စွာဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး နိုင်ငံတကာစျေးကွက်များသို့ တိုးချဲ့ခြင်း၊ ပုံမှန်ကုန်သွယ်မှုအတားအဆီးများကို ကျော်လွှားခြင်းနှင့် အရောင်းအဝယ်လုပ်ငန်းစဉ်များကို ရိုးရှင်းလွယ်ကူစေခြင်းတို့တွင် အပြုသဘောဆောင်သော အခန်းကဏ္ဍမှပါဝင်ခဲ့သည်ဟု 2025 China Langfang International Economic and Trade Fair တွင် GAC မှ တာဝန်ရှိသူ Cai Junwei က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
အမေရိကန်နိုင်ငံသည် တရုတ်နိုင်ငံ၏အကြီးမားဆုံး ပို့ကုန်ဈေးကွက်ဖြစ်ပြီး ယခင်နှစ်တွင် cross-border e-commerce တင်ပို့မှုစုစုပေါင်း၏ (၃၆.၂)ရာခိုင်နှုန်းရှိကြောင်း၊ ဗြိတိန်နှင့် ဂျာမနီတို့သည် (၁၁.၇)ရာခိုင်နှုန်းနှင့် (၅.၇)ရာခိုင်နှုန်းအသီးသီးရှိကြောင်းနှင့်သွင်းကုန်ပိုင်းတွင်မူ အမေရိကန်ထုတ်ကုန်များသည်စျေးကွက်ဝေစု၏ (၁၅.၈)ရာခိုင်နှုန်းဖြင့် ဦးဆောင်နေပြီး ဂျပန်နှင့်ဂျာမနီတို့က (၁၀.၅)ရာခိုင်နှုန်းနှင့် (၉.၈)ရာခိုင်နှုန်းအသီးသီးရှိကြောင်းနှင့် လူသုံးကုန်ပစ္စည်းများသည် ၂၀၂၄ ခုနှစ်တွင် တရုတ်နိုင်ငံ၏ cross-border e-commerce တင်ပို့မှုစုစုပေါင်း၏(၉၇.၅)ရာခိုင် နှုန်းရှိကြောင်း သိရှိရ ပါသည်။
ပြင်ပဖိအားများကြားမှ တရုတ်နိုင်ငံ၏စီးပွားရေးပြန်လည်ကောင်းမွန်လာကာ ကုန်စည်ကုန်သွယ်မှုတွင် ခိုင်မာသောခံနိုင်ရည်ရှိမှုကို ပြသနိုင်သဖြင့် e-commerce ကဏ္ဍ၏ စွမ်းဆောင်ရည်မြင့်တက်လာခြင်းဖြစ်ကြောင်း Cai က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
Source: https://english.news.cn/20250617/8b3f3d826c0744e5a67d3852d601c86f/c.html
(ကေခိုင်ကျော်၊ စီးပွားရေးသံမှူး၊ နန်နင်းမြို့)