အမေရိကန်အကောက်ခွန်နှုန်းထားများ၏ သက်ရောက်မှုကို ကြုံတွေ့နေရသော စင်ကာပူစီးပွားရေးလုပ်ငန်းများကို အကူအညီပေးမည့် Business Adaptation Grant(BizAdapt)အစီအစဉ်ကို Enterprise Singapore က ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့တွင် ကြေညာခဲ့ပါသည်။ BizAdapt သည် အမေရိကန်နိုင်ငံ၏ အကောက်ခွန်နှုန်းသတ်မှတ်မှုကြောင့် ထိခိုက်မှုရှိသည့် ကုမ္ပဏီများကို အကူအညီပေးမည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းများလုပ်ငန်းလည်ပတ်မှုနှင့် ကုန်စည်ပေးသွင်းမှုကွင်းဆက်ကို အားကောင်းစေရန်ဖြစ်ပါသည်။
BizAdapt သည် စင်ကာပူအသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ၏ အကျုံးဝင်သည့် ကုန်ကျစရိတ် ၅၀ ရာခိုင်နှုန်း၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းမဟုတ်သည့် လုပ်ငန်းများ၏ အကျုံးဝင်သည့်ကုန်ကျစရိတ် ၃၀ ရာခိုင်နှုန်းအထိ အကူအညီပေးနိုင်မည်ဖြစ်ပါ သည်။ ၂၀၂၇ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်နေ့အထိ ၂ နှစ် ကာလအတွက် ကုမ္ပဏီတစ်ခုလျှင် စင်ကာပူဒေါ်လာ ၁၀၀,၀၀၀ အထိထောက်ပံ့မည်ဖြစ်ပါသည်။ ထို့ပြင် BizAdapt အရ လွတ်လပ်သောကုန်သွယ်မှုသဘောတူစာချုပ်နှင့် ကုန်သွယ်မှုဆိုင်ရာလိုက်နာရမည့်စည်းမျဉ်းများ၊ ဥပဒေနှင့် စာချုပ်စာတမ်းဆိုင်ရာ ကိစ္စရပ်များ၊ ဈေးကွက်ချဲ့ထွင်မှုနှင့် ကုန်စည်ပေးသွင်းမှုကွင်းဆက်ပိုမိုကောင်းမွန်စေခြင်းတို့အတွက် အကြံပေးဝန်ဆောင်မှုများပေးမည်ဖြစ်ပါသည်။
ကုမ္ပဏီများအနေဖြင့် ပြည်ပဈေးကွက်များသို့ တင်ပို့မှု သို့မဟုတ် လုပ်ငန်းလည်ပတ်မှုများရှိပြီး အကောက်ခွန်ကြောင့် သက်ရောက်မှုရှိနေကြောင်း ကျိုးကြောင်းဖော်ပြရမည်ဖြစ်ပါသည်။ အကြံပေးဝန်ဆောင်မှုရယူလိုသည့် ကုမ္ပဏီများသည် ၎င်းတို့လိုအပ်သည့် ဝန်ဆောင်မှုကို ပေးနိုင်သော BizAdapt ၏ စာရင်းဝင်ကျွမ်းကျင်သူများနှင့် ချိတ်ဆက်နိုင်မည်ဖြစ်ပါသည်။
BizAdapt အရ ကုန်စည်သိုလှောင်စရိတ်(inventory holding cost)နှင့် သယ်ယူပို့ဆောင်ရေးစရိတ်များအတွက်လည်း အထောက်အပံ့ပေးမည်ဖြစ်ပါသည်။ အဆိုပါအထောက်အပံ့အတွက် ကုမ္ပဏီများသည် အကောက်ခွန်ကြောင့် သက်ရောက်မှုရှိနေသည့် ကုမ္ပဏီဖြစ်ရမည်ဖြစ်ပြီး ပြည်ပဈေးကွက်များသို့တင်ပို့ခြင်း သို့မဟုတ် လုပ်ငန်းလည်ပတ်ခြင်းဆောင်ရွက်နေသည့်၊ စင်ကာပူနိုင်ငံအတွင်း သို့မဟုတ် ပြည်ပတွင် ကုန်ထုတ်လုပ်မှုလုပ်ငန်းဆောင်ရွက်နေသည့် ကုမ္ပဏီဖြစ်ရမည်ဖြစ်ပါ သည်။
စင်ကာပူနိုင်ငံသည် အမေရိကန်နိုင်ငံ၏ အကောက်ခွန်နှုန်းသတ်မှတ်မှုကြောင့် သက်ရောက်မှုရှိသည့် ကုမ္ပဏီများကို လုပ်ငန်းဆက်လက်လည်ပတ်နိုင်ရန်အတွက် ငွေကြေးအထောက်အပံ့အပြင် အကြံပေးဝန်ဆောင်မှုအထောက်အပံ့ပေးသည့် အစီအစဉ်တစ်ခုအနေဖြင့် BizAdapt ကို ဆောင်ရွက်ခြင်းဖြစ်ပါသည်။
ရင်းမြစ်။ Enterprise Singapore
(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)