တရုတ်နိုင်ငံ၏ ပြောင်းထွက်ရှိမှုသည် ၂၀၂၅/၂၆ တွင် တန်ချိန်(၂၉၈) သန်းအထိရောက်ရှိရန်မျှော်မှန်းထားပြီး ယခင်နှစ်ကထက် တန်ချိန်(၃) သန်းတိုးတက်လာမည်ဖြစ်ကြောင်း၊ အထွက်နှုန်းမြင့်တက်လာခြင်းနှင့် တည်ငြိမ်သောစိုက်ပျိုးဧရိယာများက ထွက်ရှိသည့်ပမာဏကို တိုးတက်လာစေပြီး အစိုးရ၏ပြည်တွင်းစားနပ်ရိက္ခာဖူလုံစေရေးမူဝါဒများကြောင့် ပြောင်းတင်သွင်းမှုများ ဆက်လက်ကျဆင်းလျက်ရှိကြောင်း USDA ၏ နိုင်ငံခြားစိုက်ပျိုးရေးဝန်ဆောင်မှု(FAS)၏အစီရင်ခံစာတွင် ဖော်ပြထား သည်ဟု သိရှိရပါသည်။
USDA ၏နောက်ဆုံးထွက်ရှိသည့် Grain and Feed Survey တွင် FAS သည် ၂၀၂၅/၂၆ အတွက် တရုတ်နိုင်ငံ၏ပြောင်းတင်သွင်းမှုခန့်မှန်းချက်ကို တန်ချိန်(၇)သန်းသို့လျှော့ချခဲ့ကာ ယခင်ခန့်မှန်းချက်ထက် တန်ချိန် (၁)သန်းလျော့နည်းသွားကြောင်း၊ ၂၀၂၃-၂၄ တွင် တန်ချိန်(၂၃.၄)သန်းရှိမည်ဟု ခန့်မှန်းခဲ့ရာမှ ၂၀၂၄/၂၅ ခုနှစ်အတွက် ခန့်မှန်းချက်ကိုလည်း ယခင်ထက် တန်ချိန်(၂)သန်းအထိ လျှော့ချခဲ့ကြောင်း သိရှိရပါသည်။
တရုတ်အစိုးရသည် ဒေသခံတောင်သူလယ်သမားများ၏ အကျိုးစီးပွားကို ကာကွယ်ရန်အတွက် အထွက်နှုန်းတိုးစေပြီ ပြောင်းသီးနှံတင်သွင်းမှုကိုကန့်သတ်ခြင်းဖြင့် ပြည်တွင်းထုတ်လုပ်မှုကို ဆက်လက်လှုံ့ဆော်လျက်ရှိကြောင်း FAS က ဖော်ပြထားသည်ဟု သိရှိရပါသည်။
တရုတ်နိုင်ငံ၏ ပြောင်းစားသုံးမှုခန့်မှန်းချက်သည် ၂၀၂၅/၂၆ တွင် တန်ချိန်(၃၂၁)သန်းရှိမည်ဖြစ်ပြီး ၎င်းသည် ၂၀၂၄/၂၅ ထက် (၁)ရာခိုင်နှုန်းပိုများကြောင်း၊သုံးစွဲမှုတိုးလာခြင်းသည် ပြောင်းဖူးကိုတိရစ္ဆာန်အစာအဖြစ် ပြန်လည်အသုံးပြုလာခြင်း၊ ဈေးနှုန်းသက်သာခြင်းနှင့် ပြောင်းအစားထိုးပစ္စည်းများတင်သွင်းခြင်းကို ကန့်သတ်သည့် အစိုးရမူဝါဒများကြောင့်ဖြစ် ကြောင်း သိရှိရပါသည်။
တရုတ်နိုင်ငံတွင် ပြောင်းဖူးကို အဓိကအားဖြင့် တိရစ္ဆာန်အစာအတွက် (၆၇%)နှင့် စက်မှုလုပ်ငန်းအတွက်(၂၆%)အသုံးပြုကြောင်း၊ ၂၀၂၅/၂၆ တွင် တိရစ္ဆာန်အစာအတွက်သုံးစွဲမှုသည် (၁) ရာခိုင်နှုန်းခန့်တိုးလာမည်ဟု ခန့်မှန်းထားကြောင်း၊ ၂၀၂၄ ခုနှစ်တွင် တရုတ်နိုင်ငံ၏ တိရစ္ဆာန်အစာထုတ်လုပ်မှု ပမာဏသည် တန်ချိန်(၃၁၃)သန်းရှိခဲ့ပြီး ၂၀၂၅ တွင် တန်ချိန်(၃၂၂)သန်းအထိရှိလာမည်ဟု မျှော်မှန်းထားကြောင်း သိရှိရပါသည်။
China National Grain and Oilseed Information Center(CNGOIC) ၏အဆိုအရ စုစုပေါင်းပြောင်းပြုပြင်ထုတ်လုပ်မှုပမာဏသည် တန်ချိန် သန်း(၁၃၀)ထက် ကျော်လွန်လျက်ရှိကြောင်း၊ တရုတ်နိုင်ငံမြောက်ပိုင်းဒေသများတွင် ပြောင်းဖူးကို ပြုပြင်ထုတ်လုပ်သည့်လုပ်ငန်းများ များပြားလာပြီး ၂၀၂၄ ခုနှစ်နှင့်နှိုင်းယှဉ်ပါက (၃)ရာခိုင်နှုန်းတိုးလာသော်လည်း အီသနောထုတ်လုပ်သည့်ကဏ္ဍတွင် သုံးစွဲမှုကျဆင်းခြင်းသည် ပြောင်းသုံးစွဲမှုတိုးတက်မှုကို အကန့်အသတ်ဖြစ်စေကြောင်း သိရှိရပါသည်။
China Starch Industry Association ၏အဆိုအရ ၂၀၂၄ ခုနှစ်တွင် ပြောင်းတန်ချိန်(၈၅) သန်းခန့်ကို ပြုပြင်ထုတ်လုပ်ရန်အတွက်အသုံးပြုခဲ့ပြီး ပြောင်းဖူးမှုန့်တန်ချိန်(၄၈)သန်းနှင့် ကစီဓါတ်သကြားတန်ချိန် သန်း (၂၀)ကျော်ကို ထုတ်လုပ်ခဲ့ကြောင်း သိရှိရပါသည်။
ဂျုံထုတ်လုပ်မှုသည် တန်ချိန်(၁၄၀)သန်းရှိပြီး ယခင်အစီရင်ခံစာထက် တန်ချိန်(၁)သန်းလျော့နည်းသွားပြီး ပြောင်းနှင့်ဈေးနှုန်းကွာဟချက် ကျဉ်းမြောင်းလာသောကြောင့် တိရစ္ဆာန်အစာအတွက် တန်ချိန်(၃၅) သန်းသုံးစွဲမည်ဖြစ်ကြောင်း၊ စုစုပေါင်းဂျုံစိုက်ပျိုးဧရိယာ၊ အထွက်နှုန်းနှင့်ပမာဏမှာ တည်ငြိမ်လျက်ရှိကြောင်း၊ ဂျုံစားသုံးမှုသည် တန်ချိန်(၁၅၂) သန်းရှိပြီး ၂၀၂၄/၂၅ နှင့်နှိုင်းယှဉ်ပါက တန်ချိန်(၂)သန်းတိုးလာမည်ဟု ခန့်မှန်းထားကြောင်း၊ အဓိကဂျုံစားသုံးမှုမှာ တည်ငြိမ်နေပြီး တိရစ္ဆာန်အစာအတွက် အသုံးပြုမှုတိုးလာကြောင်း သိရှိရပါသည်။
အသက်အရွယ်ကြီးသူများလာခြင်းနှင့်လူဦးရေကျဆင်းလာခြင်းတို့အပြင် စားသုံးမှုပုံစံပြောင်းလဲလာခြင်းတို့ကြောင့် တရုတ်နိုင်ငံတွင် ဂျုံကို အစား အစာအဖြစ်စားသုံးမှုသည် ကျဆင်းလာကာ ဂျုံမှုန့်အသုံးပြုမှုကို အကန့် အသတ်ဖြစ်စေပြီး အသေးစားစက်ရုံများကို အခက်အခဲဖြစ်စေသည်ဟု FAS မှ ဖော်ပြထားကြောင်း သိရှိရပါသည်။
Source: https://ukragroconsult.com/en/news/corn-production-in-china-continues-to-grow/
(ကေခိုင်ကျော်၊ စီးပွားရေးသံမှူး၊ နန်နင်းမြို့)