အိန္ဒိယနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော ယူကေနိုင်ငံဝန်ကြီးချုပ် Keir Starmer က ယူကေနိုင်ငံသည် အိန္ဒိယနိုင်ငံ၏ သုံးနှစ်အတွင်း တတိယအကြီးဆုံးစီးပွားရေးနိုင်ငံဖြစ်လာမည့် ခရီးစဉ်တွင် အကောင်းဆုံးမိတ်ဖက်အဖြစ် ပါဝင်ရန် အသင့်တော်ဆုံးဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယူကေနိုင်ငံဝန်ကြီးချုပ် Keir Starmer က "အိန္ဒိယနိုင်ငံသည် ၂၀၂၈ ခုနှစ်တွင် တတိယအကြီးဆုံးစီးပွားရေးနိုင်ငံဖြစ်လာရန် လမ်းကြောင်းပေါ်တွင်ရှိနေပြီး၊ ယူကေနိုင်ငံသည် အဆိုပါခရီးစဉ်တွင် မိတ်ဖက်အဖြစ် ပါဝင်ရန် အကောင်းဆုံးအနေအထားတွင်ရှိနေသည်"ဟု မွန်ဘိုင်းမြို့တွင် ရောက်ရှိစဉ်က ပြောကြား ခဲ့သည်။
အိန္ဒိယ-ယူကေကုန်သွယ်မှုသဘောတူညီချက်သည် နည်းပညာ၊ အသက် မွေးဝမ်းကျောင်းဆိုင်ရာ သိပ္ပံပညာရပ်များမှသည် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အထိ နယ်ပယ်အသီးသီးတွင် ဗြိတိန်၏ ဦးဆောင်မှုကို မြှင့်တင်ရန်အတွက် စတင်ရာနေရာ(launchpad)ဖြစ်ကြောင်း ၎င်းကပြောကြား ခဲ့ပြီး၊ ၎င်းတို့နှစ်နိုင်ငံအနေဖြင့် ယူကေ-အိန္ဒိယနည်းပညာလုံခြုံရေးအစီ အစဉ်ကိုလည်း နက်ရှိုင်းစွာတိုးမြှင့်လျက်ရှိကြကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
ယခုလ ၈ ရက်(ဗုဒ္ဓဟူးနေ့)တွင် အိန္ဒိယနိုင်ငံသို့ အလည်အပတ်ရောက်ရှိလာသော ဗြိတိန်ဝန်ကြီးချုပ်က အိန္ဒိယဝန်ကြီးချုပ် Narendra Modi နှင့်အတူ ရုရှား-ယူကရိန်းပဋိပက္ခအရေးကိုလည်း ဆွေးနွေးခဲ့ကြပြီး၊ အဆိုပါပဋိပက္ခအဆုံးသတ်ရန် အာရုံစိုက်သည့် နှစ်နိုင်ငံစလုံးက လိုချင်သော ရလဒ်များကို ရှာဖွေခဲ့ကြကြောင်း သိရသည်။
သမ္မတ Trump ၏ ဂါဇာငြိမ်းချမ်းရေးအစီအစဉ်နှင့်ပတ်သက်၍ ၎င်းက အဆိုပါသဘောတူညီချက်သည် စစ်မှန်သော တိုးတက်မှုတစ်ရပ်ဖြစ် သည်ဟု ပြောကြားခဲ့သည်။
"အဲဒီ့အစီအစဉ်ဟာ ဓားစာခံများနှင့် ၎င်းတို့၏ မိသားစုများ၊ ဂါဇာရှိ အရပ်သားပြည်သူများအတွက်သာမက တစ်ကမ္ဘာလုံးအတွက်ပါ နက်နဲ သောစိတ်သက်သာရာရမှုတစ်ခုဖြစ်လာမှာပါ။ ကျွန်တော်တို့အနေနှင့် အဆိုပါသဘောတူညီချက်ကို အပြည့်အဝနှင့် နှောင့်နှေးမှုမရှိဘဲ အကောင်အထည်ဖော်နိုင်ရန် မိတ်ဖက်များနှင့်အတူ လုပ်ဆောင်သွားမည်" ဟု ၎င်းက ပြောကြားခဲ့သည်။
၎င်းသည် အိန္ဒိယနိုင်ငံ၏ ဘဏ္ဍာရေးမြို့တော်ဖြစ်သော မွန်ဘိုင်းမြို့၌ ယခုလ ၉ ရက်(ကြာသပတေးနေ့)နံနက်ပိုင်းတွင် ဝန်ကြီးချုပ် Narendra Modi နှင့်တွေ့ဆုံခဲ့သည်။ ခေါင်းဆောင်နှစ်ဦးသည် အချင်းချင်းလက်ဆွဲနှုတ်ဆက်ကာ ခင်မင်ရင်းနှီးစွာ စကားပြောဆိုခဲ့ကြကြောင်း သိရသည်။
ဗုဒ္ဓဟူးနေ့တွင် ၎င်းသည် မွန်ဘိုင်းမြို့၌ ကျယ်ပြန့်သော အပြန်အလှန်ဆွေးနွေးမှုများစွာကို ပြုလုပ်ခဲ့ကာ စီးပွားရေးခေါင်းဆောင်များနှင့်တွေ့ဆုံခဲ့ပြီး အိန္ဒိယ-ယူကေကုန်သွယ်မှုမိတ်ဖက်ဆက်ဆံရေးကို "အမှန်တကယ်အရေးကြီးသည်" ဟု ဖော်ပြပြောဆိုခဲ့ကြောင်း သိရသည်။
စက်မှုကဏ္ဍမှ ကိုယ်စားလှယ်များနှင့်ပြုလုပ်သော အပြန်အလှန်ဆွေးနွေးပွဲတစ်ခုတွင် ၎င်းက "ယခုခရီးစဉ်က ယူကေနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ ယခင်က စေလွှတ်ခဲ့ဖူးသမျှ ကုန်သွယ်ရေးခရီးစဉ်များအနက် အကြီးဆုံးခရီးစဉ်တစ်ခုဖြစ်ပါတယ်" ဟု ပြောကြားခဲ့သည်။
၎င်းက ၎င်း၏အဆိုပါခရီးစဉ်သည် ယခုနှစ်အစောပိုင်းက ဝန်ကြီးချုပ် Narendra Modi ယူကေနိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးစဉ်၏ "အပြန် အလှန်လည်ပတ်ခြင်း"ဖြစ်ကြောင်း မှတ်ချက်ပြုခဲ့သည်။
ယခုနှစ် ဇူလိုင်လတွင် နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးခဲ့သော လွတ်လပ်စွာ ကုန်သွယ်ရေးသဘောတူညီချက်(FTA)ကို "အမှန်တကယ် အရေးကြီးသည်" ဟုပြောကြားကာ ၎င်းက “ဒါဟာ ကျွန်တော်တို့ ဥရောပသမဂ္ဂမှ ထွက်ခွာပြီးနောက်ပိုင်းချုပ်ဆိုခဲ့သည့် အကြီးဆုံးသဘောတူညီချက်တစ်ခုဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှ ချုပ်ဆိုခဲ့ဖူးသမျှ သဘောတူညီချက်များအနက် အကြီးဆုံးဖြစ်သည်ဟုလည်း ကျွန်တော်ထင်မြင်မိပါတယ်။ ဒါကြောင့် ဒါဟာ အလွန်ပဲအရေးကြီးပါတယ်။" ဟု ပြောကြား ခဲ့သည်။
Source: Economic Times, India on track to become 3rd largest economy, UK perfectly placed to be partner in journey: Keir Starmer, October 9, 2025.
(ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)