ထိုင်းနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Ms.Suphajee Suthumpun ဦးဆောင်၍ ဌာနအကြီးအကဲများပါဝင်သောအဖွဲ့သည် ထိုင်းနိုင်ငံဆိုင်ရာ ပီရူးသံအမတ်ကြီးနှင့်တွေ့ဆုံ၍ နှစ်နိုင်ငံစီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီး မြှုပ်နှံမှုများတိုးမြှင့်နိုင်မည့် နည်းလမ်းများအား ဆွေးနွေးခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းတွင်အပြီးသတ်မည့် ထိုင်း-ပီရူးလွတ်လပ်သောကုန်သွယ်ရေးသဘောတူစာချုပ်အဆင့်မြှင့်တင်ခြင်းဆိုင်ရာဆွေးနွေးမှုများကို အရှိန်မြှင့်တင်ရန်ဆွေးနွေးခဲ့ကြောင်း ဝန်ကြီးဌာနဝက်ဘ်ဆိုဒ်စာမျက်နှာတွင် ဖော်ပြထားချက်အရ သိရှိရပါသည်။
ထိုင်းနှင့်ပီရူးတို့သည် မိတ်ဖက်ဆက်ဆံရေး နှစ် ၆၀ ကျော်ပြီဖြစ်ပြီး စီးပွားရေးမိတ်ဖက်အနေဖြင့် အလားအလာမြင့်မားပါကြောင်း၊ နှစ်ပေါင်း ၂၀ ကျော်ကြာမြင့်ပြီဖြစ်သည့် ကုန်သွယ်ရေးသဘောတူစာချုပ်ကို ခေတ်မီစေရေး အဆင့်မြှင့်တင်ခြင်းများ သည် နှစ်နိုင်ငံလုပ်ငန်းရှင်များအတွက် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုအခွင့် အလမ်းသစ်များကို ဖွင့်လှစ်ပေးနိုင်မည်ဖြစ်ကြောင်း၊ အထူးသဖြင့် စိုက်ပျိုးရေး ထုတ်ကုန်များ၊ ပြုပြင်ပြီးအစားအစာများ၊ မော်တော်ယာဉ်များ၊ ယန္တရားများနှင့် တီထွင်ဖန်တီးသည့်စက်မှုနယ်ပယ်များတွင်ဖြစ်ကြောင်း၊အာရှနှင့်တောင်အမေရိက တို့အကြား ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်ချိတ်ဆက်မှုနှင့် ကုန်စည်များသယ်ယူပို့ဆောင်ရေးတို့တွင် ခိုင်မာအားကောင်းမှုသည် အရေးကြီးပါကြောင်း၊ ထိုင်းနိုင်ငံသည် ပူးပေါင်းဆောင်ရွက်ခြင်းကို ဦးစားပေးပြီး FTA ညှိနှိုင်းမှုများကိုလည်း တွန်းအားပေးလျက်ရှိကြောင်း ဝန်ကြီး Ms. Suphajee Suthumpun က ပြောကြားခဲ့ပါသည်။
စီးပွားရေး၊ ကုန်သွယ်ရေးနှင့် အခြေခံအဆောက်အဦတို့တွင် ပီရူးသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ဖွင့်လှစ်ဖိတ်ခေါ်ပါကြောင်း၊ ပီရူးသည် တောင်အမေရိက၏ ပစိဖိတ်ကမ်းရိုးတန်းတွင် ကုန်စည်များအတွက် သယ်ယူပို့ဆောင်ရေးအချက်အချာဖြစ်စေရန်ရည်ရွယ်၍ ၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် Chancay ဆိပ်ကမ်းကို ဖွင့်လှစ်ခဲ့ပြီး အာရှနှင့် တောင်အမေရိကတို့အကြား သွင်းကုန်/ပို့ကုန်များတိုးတက်လာပါ ကြောင်း၊ယင်းသည် ထိုင်းလုပ်ငန်းရှင်များအတွက် တောင်အမေရိကန်သို့ ဈေးကွက် အလွယ်တကူတိုးချဲ့နိုင်ရန် အခွင့်အလမ်းများပေးပါကြောင်း ပီရူးသံအမတ်ကြီး Ms. Cecilia Zunilda Galarreta Bazán က ဖြည့်စွက်ပြောကြားခဲ့သည်။
တွေ့ဆုံမှုတွင် နှစ်နိုင်ငံလုံးက ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေးဆိုင်ရာများကို တိုးမြှင့်ဆောင်ရွက်ရန် သဘောတူညီခဲ့ပါကြောင်း၊ ထိုင်းနိုင်ငံရှိ နိုင်ငံတကာကုန်စည်ပြပွဲများဖြစ်သည့် ဗန်ကောက်ကျောက်မျက်နှင့် လက်ဝတ်ရတနာပြပွဲ၊ ThaiFex-Anuga Asia၊ ThaiFex-Horec Asia၊ လုပ်ငန်းချိတ်ဆက်မှုများတွင် ပါဝင်ပြသခြင်းနှင့် ကုန်သွယ်ရေးအပြင် ခရီးသွားလုပ်ငန်း၊ ယဉ်ကျေးမှု၊ အစားအစာ၊ ဖက်ရှင်နှင့် ထိုင်းစားသောက်ဆိုင်တို့တွင် Thai Select အမှတ်တံဆိပ်မြှင့်တင်ခြင်းတို့ပါဝင်ပါကြောင်း၊ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လအထိ နှစ်နိုင်ငံကုန်သွယ်မှုတွင် ပီရူးသည် ထိုင်းနိုင်ငံ၏အဆင့် ၆၁ ရှိသော ကုန်သွယ်မှုမိတ်ဖက်နိုင်ငံဖြစ်ပြီး ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၃၆၂.၄၉ သန်းရှိခဲ့ကြောင်း၊ ထိုင်းနိုင်ငံမှ ပီရူးသို့ ပို့ကုန် အမေရိကန်ဒေါ်လာ ၂၇၆.၂၀ သန်းတင်ပို့ခဲ့ပြီး ပီရူးမှ အမေရိကန်ဒေါ်လာ ၈၆.၂၉ သန်းတင်သွင်းခဲ့သဖြင့် ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ ၁၈၉.၉၁ သန်းဖြစ်ပေါ်ခဲ့ကြောင်း၊ အဓိကပို့ကုန်များမှာ မော်တော်ယာဉ်နှင့်ဆက်စပ်ပစ္စည်းများ၊ပြုပြင်ပြီးပင်လယ်စာနှင့်စည်သွပ်ဗူးများ၊ အဝတ်လျှော်စက်၊ အခြောက်ခံ စက်နှင့် ဆက်စပ်ပစ္စည်းများဖြစ်ပြီး သွင်းကုန်များမှာ လတ်ဆတ်၊ အေးခဲ၊ ပြုပြင်ပြီးနှင့် တစ်ဝက်ပြုပြင်ထားသော ရေထွက်ကုန်များ၊ သတ္တုရိုင်းများ၊ သတ္တုအပိုင်းအစများနှင့် ဟင်းသီးဟင်းရွက်နှင့် ဘလူးဘယ်ရီကဲ့သို့သော သစ်သီးများဖြစ်ကြောင်း သိရှိရပါသည်။
Source: https://www.moc.go.th/th/content/category/detail/id/4/iid/9475
(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)