ကုမ္ပဏီများ၏ ဝင်ငွေကြေညာလွှာတင်သွင်းမှု(Corporate Income Tax Filing) မှာ ၂၀၂၃ ခုနှစ် စည်းကြပ်နှစ်တွင် ၈၈.၉ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၂၄ ခုနှစ်တွင် ၉၀.၄ ရာခိုင်နှုန်းရှိပြီး ယခင်နှစ်ကထက် တိုးတက်လာကြောင်း၊ သတ်မှတ်ကာလအတွင်း ကုမ္ပဏီပေါင်း ၁၄,၀၀၀ မှာ အသစ်တင်သွင်းခြင်းဖြစ်ကြောင်း၊ အချိန်မီဝင်ငွေကြေညာလွှာတင်သွင်းမှုရာခိုင် နှုန်းမြင့်တက်ခြင်းမှာ စင်ကာပူစီးပွားရေးအသိုက်အဝန်း၏ကတိကဝတ်ကို ထင်ဟပ်မှုတစ်ခုဖြစ်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်စေကြောင်း၊ ဒီဂျစ်တယ်စနစ်ဖြင့် ရိုးရှင်းလွယ်ကူစွာ အခွန်ကြေညာလွှာတင်သွင်းနိုင်မှုနှင့် အားကောင်းသည့် ပြစ်ဒဏ်ပေးအရေးယူမှုလုပ်ငန်းစဉ်များကြောင့် ကြေညာလွှာတင်သွင်းမှု မြင့်တက်လာကြောင်း၊ ဖွဲ့စည်းတည်ထောင်သည့်ကုမ္ပဏီအသစ် ၃၇,၀၀၀ အပါအဝင် ကုမ္ပဏီ ၃၀၀, ၀၀၀ နီးပါးသည် သတ်မှတ်ရက်ဖြစ်သော ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၃၀ တွင် ဝင်ငွေကြေညာလွှာတင်သွင်းမည်ဟု ခန့်မှန်းကြောင်း စင်ကာပူပြည်တွင်းအခွန်များဌာနက ထုတ်ပြန်ခဲ့ပါသည်။
အခွန်ထမ်းကုမ္ပဏီများမှ အခွန်ပေးဆောင်စေရန်အတွက် စင်ကာပူပြည်တွင်းအခွန်များဌာနအနေဖြင့် လျင်မြန်သည့်အရေးယူဆောင်ရွက်မှုများကို လုပ်ဆောင်လျက်ရှိပါသည်။ သတ်မှတ်ရက်တွင် ဝင်ငွေကြေညာလွှာမတင်သွင်းသည့် ကုမ္ပဏီများသည် စင်ကာပူဒေါ်လာ ၅,၀၀၀ အထိ ဒဏ်ငွေပေးဆောင်ရမည်ဖြစ်ပြီး သတ်မှတ်ရက်ထက် ကျော်လွန်သည့်နေ့ရက်တိုင်းအတွက် တစ်ရက်လျှင် ဒေါ်လာ ၁၀၀ ထပ်တိုးဒဏ်ငွေပေးဆောင်ရမည်ဖြစ်ပါသည်။ ၂ နှစ်နှင့်အထက် ကျော်လွန်၍ ဝင်ငွေကြေညာလွှာမတင်သွင်းသည့်ကုမ္ပဏီများကို ပေးဆောင်ရမည့်အခွန်ပမာဏ၏ နှစ်ဆနှင့် ဒဏ်ငွေတို့ကို ပေးဆောင်ရန် တရားရုံးက ပြစ်ဒဏ်ချမှတ်မည်ဖြစ်ပါသည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှစ၍ ၂၀၂၄ ခုနှစ် စည်းကြပ်နှစ်နှင့် ယခင်စည်းကြပ်နှစ်များအတွက် ဝင်ငွေကြေညာလွှာတင်သွင်းရန်ပျက်ကွက်ခဲ့သည့် ကုမ္ပဏီများကို တရားရုံးသို့ ဆင့်ခေါ်စာ ၄,၅၀၀ နီးပါးထုတ်ပြန်ခဲ့ပါသည်။ ဝင်ငွေကြေညာလွှာတင်သွင်းရန် နောက်ကျခြင်း သို့မဟုတ် တင်သွင်းမှုမရှိခြင်းတို့ကြောင့် ဒဏ်ငွေချမှတ်ခဲ့မှုမှာ စင်ကာပူဒေါ်လာ ၃.၄ သန်းရှိပါသည်။ ၂၀၂၄ ခုနှစ်တွင် ဝင်ငွေကြေညာလွှာ တင်သွင်းရန် ပျက်ကွက်ခဲ့သည့်ကုမ္ပဏီများကို စင်ကာပူဒေါ်လာ ၁၉၀,၀၀၀ ကျော်ပေးဆောင်ရန် ပြစ်ဒဏ်ချမှတ်ခဲ့ပါသည်။
ကုမ္ပဏီများသည် နိုဝင်ဘာလ ၃၀ ရက်နေ့နောက်ဆုံးထား၍ ဝင်ငွေကြေညာလွှာတင်သွင်းရန်ဖြစ်ပြီး အောက်တိုဘာလတွင် တင်သွင်းရန်ပြင်ဆင်မှုကို ပြီးစီးအောင်ဆောင်ရွက်ပြီး နိုဝင်ဘာလအလယ်တွင် တင်သွင်းကြရန်၊ ကုမ္ပဏီ၏ဒါရိုက်တာများသည် ဝင်ငွေကြေညာလွှာမှန်ကန်မှုရှိပြီး အချိန်မီတင်သွင်းနိုင်ရန် တာဝန်ရှိကြောင်း စင်ကာပူပြည်တွင်းအခွန်များဌာနက အကြံပြုထားပါသည်။
၂၀၂၅ ခုနှစ် စည်းကြပ်နှစ်တွင် ကုမ္ပဏီပေါင်း ၃၇,၀၀၀ ကျော်မှာ ပထမအကြိမ်အဖြစ် ဝင်ငွေကြေညာလွှာတင်သွင်းကြမည်ဖြစ်ပြီး အဆိုပါကုမ္ပဏီများအတွက် တင်သွင်းသည့်လုပ်ငန်းစဉ်အဆင့်များကို ရှင်းလင်းသည့်ဆွေးနွေးပွဲများပြုလုပ်ပေးခဲ့ပါသည်။ထို့ပြင် ရှင်းလင်းလွယ်ကူသည့် ဖောင်ပုံစံများ၊ အခွန်တွက်ချက်ခြင်းနှင့် အချိန်စာရင်းများကို ရှင်းလင်း ချက်များပါဝင်သည့် excel ဖိုင်လမ်းညွှန်ချက်များ၊ ငွေပေးဆောင်မှုကို မှတ်သားနိုင်သည့် Download ပြုလုပ်နိုင်သောစာရင်း၊ အခွန်ပေးဆောင်ခြင်းဆိုင်ရာ ဗီဒီယိုဖိုင်များကိုလည်း ပြုလုပ်ပေးခဲ့ပါသည်။
ရင်းမြစ်။ စင်ကာပူပြည်တွင်းအခွန်များဌာန
(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)