ဒုတိယအကြိမ်မြောက် ဂျိုဟိုး-စင်ကာပူအထူးစီးပွားရေးဇုန် ပူးတွဲရင်းနှီး မြှုပ်နှံမှုဖိုရမ်ကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်နေ့က စင်ကာပူမြို့တွင် ကျင်းပခဲ့ပါသည်။ဖိုရမ်သို့ စင်ကာပူနိုင်ငံနှင့် မလေးရှားနိုင်ငံတို့မှ စီးပွားရေးလုပ်ငန်းရှင်များ၊ ရင်းနှီးမြှုပ်နှံသူများ၊ မူဝါဒချမှတ်သူများ၊ ပညာရေးကဏ္ဍမှ ပညာရှင်များ ၉၀၀ ကျော်တက်ရောက်ခဲ့ပြီး နယ်စပ်ဖြတ်ကျော်စီးပွားရေးချိတ်ဆက်မှု၊ ကုန်စည်ထောက်ပံ့ပေးသွင်းမှု ကွင်းဆက်ခိုင်မာအားကောင်းစေရေး၊ ဖွံ့ဖြိုးမှုအတွက် အခွင့်အလမ်းအသစ်များဖန်တီးခြင်းစသည်တို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ပါသည်။
ဖိုရမ်တွင် စင်ကာပူနိုင်ငံဒုတိယဝန်ကြီးချုပ်နှင့် ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာန ဝန်ကြီး Gan Kim Yong က “ဂျိုဟိုး - စင်ကာပူအထူးစီးပွားရေးဇုန်မှာ စင်ကာပူနိုင်ငံနှင့် မလေးရှားနိုင်ငံတို့၏ စီးပွားရေး ခိုင်မာအားကောင်းစေရေးအတွက် အဓိကကျသည့် တည်နေရာတွင်ရှိနေကြောင်း၊ ဂျိုဟိုး - စင်ကာပူအထူးစီးပွားရေးဇုန်နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှစ၍ စင်ကာပူအခြေစိုက်ကုမ္ပဏီများသည် ဂျိုဟိုးပြည်နယ်တွင် စင်ကာပူဒေါ်လာ ၅.၅ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံရန် စီစဉ်လျက်ရှိကြောင်း၊ အဓိကစီမံကိန်းများကို အလေးပေးဆောင်ရွက်ခြင်း၊ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာတွင် ပိုမိုလွယ်ကူချောမွေ့စေခြင်း၊ အားလုံးပါဝင်နိုင်သည့် အထူးသဖြင့် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများနှင့် အလုပ်သမားများအတွက် ဖွံ့ဖြိုးမှုရရှိစေခြင်းစသည်တို့ကို အလေးပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း” ပြောကြားခဲ့ပါသည်။
Enterprise Singapore ၏ဥက္ကဋ္ဌ Mr. Lee Chuan Teck က “ဂျိုဟိုး - စင်ကာပူအထူးစီးပွားရေးဇုန်သည် ကမ္ဘာ့ရင်းနှီးမြှုပ်နှံသူများအကြား ဒေသတွင်း၏ အရေးပါမှုကို မြှင့်တင်နိုင်မည်ဖြစ်ပြီး ဂျိုဟိုး - စင်ကာပူဒေသအတွင်း၌ လုပ်ငန်းချဲ့ထွင်ရန်အတွက် ကုမ္ပဏီများကို ဆွဲဆောင်နိုင်မည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းဆောင်ရွက်ရာတွင် လွယ်ကူချောမွေ့စေရန်နှင့် စွမ်းဆောင်ရည်တိုးတက်စေရန်အတွက် စဉ်ဆက်မပြတ်ထောက်ပံ့ပေးရန် လိုအပ်ကြောင်း၊ ဒေသတွင်း၏ အလားအလာရှိမှုကို ဖော်ထုတ်ရန်နှင့် ဖွံ့ဖြိုးမှုကို အားပေးရန်၊ ပုဂ္ဂလိကကဏ္ဍနှင့် ကုန်သွယ်ရေးအဖွဲ့အစည်းများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မှုကို အားပေးရန် လိုအပ်ကြောင်း” ပြောကြားခဲ့ပါသည်။
ဂျိုဟိုး-စင်ကာပူအထူးစီးပွားရေးဇုန် ပူးတွဲရင်းနှီးမြှုပ်နှံမှုဖိုရမ်သည် စီးပွားရေးအခွင့်အလမ်းများကို ပုံဖော်ရန်၊ ဈေးကွက်အသစ်များရှာဖွေရန်၊ မဟာဗျူဟာကျသည့် ရင်းနှီးမြှုပ်နှံမှုများကို အားပေးရန်စသည်တို့ကို ဆောင်ရွက်နိုင်မည့်စင်္ကြံတစ်ခုဖြစ်ပါသည်။
ရင်းမြစ်။ Ministry of Trade and Industry
(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)