ဗူးခွံ၊ ပုလင်းခွံများပြန်လည်ပေးသွင်းရန်အစီအစဉ်(Container Return Scheme) အကောင်အထည်ဖော်မှုတွင် အချိုရည်/ဖျော်ရည်ထုတ်လုပ်သူများ၏ ကုန်ကျစရိတ်ကိုကာမိစေရန် မှတ်ပုံတင်ထားသည့် ထုတ်လုပ်သူတစ်ဦးစီအတွက် စင်ကာပူဒေါ်လာ ၂၅၀၀ အထိထောက်ပံ့ပေးမည့်အစီအစဉ်ကို စင်ကာပူပတ်ဝန်းကျင်အေဂျင်စီ(National Environment Agency – NEA)က ကြေညာခဲ့ပါသည်။
Container Return Scheme အရ စားသုံးသူများသည် ၁၅၀ မီလီလီတာမှ ၃ လီတာအကြား ပုလင်းနှင့်သံဗူးများအတွက် စင်ကာပူဒေါ်လာ ၁၀ ပြားအပိုထပ်ဆောင်းပေးရမည်ဖြစ်ပြီး ပုလင်းခွံ၊ သံဗူး အခွံများကို သတ်မှတ်ထားသည့် အအေးအရောင်းစက်များတွင် ပြန်လည်ပေးသွင်းပါက အဆိုပါငွေကို ပြန်လည်ရရှိမည်ဖြစ်ပါသည်။ အချို့စီးပွားရေးလုပ်ငန်းရှင်များက ကုန်ပစ္စည်းမှတ်ပုံတင်ခြင်း၊ ဘားကုဒ် များအစားထိုးခြင်းနှင့် ပုလင်းနှင့် သံဗူးအခွံများကို ခြေရာခံနိုင်ခြင်းစသည့် Container Return Scheme အကောင်အထည်ဖော်ရာတွင် ကုန်ကျလာနိုင်သည့် စရိတ်များအပေါ် စိုးရိမ်မှုများရှိပါသည်။
ကုန်စည်ထုတ်လုပ်မှု၊ ဈေးကွက်သို့ သယ်ဆောင်မှု၊ စုစုပေါင်းထုတ်လုပ်မှုပမာဏ သို့မဟုတ် တင်သွင်းမှုများအပေါ်မူတည်၍ ထုတ်လုပ်သူများအပေါ် Container Return Scheme ၏ သက်ရောက်မှုမှာ ပုံစံမတူနိုင်ကြောင်း၊ အချို့ထုတ်လုပ်သူများမှာ ကုန်ကျစရိတ်အနည်းဆုံးဖြင့် အကူးအပြောင်းကာလကို ဖြတ်ကျော်နိုင်ကြောင်း၊ တင်သွင်းသူများနှင့် အသေးစားထုတ်လုပ်သူများကြုံတွေ့နေရသည့် စိန်ခေါ်မှုများကို အလေးအနက်ထားပါကြောင်း NEA က ပြောကြားခဲ့ပါသည်။
မှတ်ပုံတင်ထားသည် ထုတ်လုပ်သူတစ်ဦးချင်းအတွက် စင်ကာပူဒေါ်လာ ၂၅၀၀ အထိကို Container Return Scheme အကောင်အထည်ဖော်ရန် တာဝန်ပေးထားသည့် Beverage Container Return Scheme Limited(BCRS Ltd)မှတစ်ဆင့် ပေးအပ်သွားမည်ဖြစ်ပါသည်။ အဆိုပါထောက်ပံ့ငွေကို ထုတ်ကုန်မှတ်ပုံတင်ကြေး၊ ထုတ်လုပ်သူခ၊ စတစ်ကာ(sticker)ခတို့တွင် အသုံးပြုနိုင်မည်ဖြစ်ပြီး Container Return Scheme သည် ၂၀၂၇ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့အထိဖြစ်ပါသည်။
BCRS Ltd သည် ပြေစာထုတ်ပေးရာတွင် ထုတ်ကုန်မှတ်ပုံတင်ကြေးနှင့် ထုတ်လုပ် သူ၏အခကြေးငွေတို့ကို ခုနှိမ်၍ ကျန်စရိတ်ပါသည့်ပြေစာကို ထုတ်လုပ်သူထံသို့ ထုတ်ပေးမည်ဖြစ်ပါသည်။ Container Return Scheme စတစ်ကာများအတွက် ကုန်ကျစရိတ်ကို ထုတ်လုပ်သူများက BCRS Ltd ထံသို့ အီးမေးလ်ပို့၍ ငွေပြန်လည်ထုတ်ယူနိုင်မည်ဖြစ်ပါသည်။
ထုတ်လုပ်သူများသည် အချိုရည်ဖျော်ရည်ဗူးခွံများတွင် စင်ကာပူဒေါ်လာ ၁၀ ပြားပြန်လည်ထုတ်ယူနိုင်ကြောင်း အမှတ်အသား(deposit mark)၊ စင်ကာပူဆိုင်ရာဘားကုဒ်(Singapore-specific barcode)တို့ကိထည့်သွင်းရမည်ဖြစ်ပါသည်။ ထုတ်ပိုးမှုဒီဇိုင်းတွင် deposit mark နှင့် Singapore-specific barcode ထည့်သွင်းနိုင်ခြင်းမရှိသည့် တင်သွင်းသူများသည် ယင်းတို့နှစ်မျိုးပေါင်းစပ်ထားသည့် စတစ်ကာကပ်ထားရန် လိုအပ်မည်ဖြစ်ပါသည်။ ထို့အပြင် ထုတ်လုပ်သူများသည် Singapore-specific barcode အစား နိုင်ငံတကာသုံးဘားကုဒ်အသစ်တစ်ခုကို အသုံးပြုနိုင်ပြီး deposit mark ကို ကပ်ထားရန် လိုအပ်မည်ဖြစ်ပါသည်။ ထုတ်လုပ်သူများသည် တစ်ကြိမ်မှတ်ပုံတင်ကြေး စင်ကာပူဒေါ်လာ ၅၀၀ နှင့် ထုတ်ကုန်တစ်ခုချင်းစီအတွက် အစီအစဉ်၏ဒုတိယအဆင့်တွင် စင်ကာပူ ၅ ဒေါ်လာထပ်မံ၍ အခ ကြေးငွေပေးဆောင်ရမည်ဖြစ်ပါသည်။ အဆိုပါအခကြေးငွေများကို အချိုရည်ဖျော်ရည်ဗူးခွံများစုဆောင်းခြင်း၊ ခွဲခြားခြင်းနှင့် ပြန်လည်အသုံးပြုခြင်းအတွက် ရန်ပုံငွေအဖြစ် အသုံးပြုမည်ဖြစ်ပါသည်။
ရင်းမြစ်။ CNA
(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)