International News

ဂျိုဟိုး - စင်ကာပူအထူးစီးပွားရေးဇုန်(Johor-Singapore SEZ) တွင် ၂၀၂၅ ခုနှစ်၊ ပထမ ၉ လအတွင်း ခွင့်ပြုပြီး ရင်းနှီးမြှုပ်နှံမှုပမာဏမှာ စင်ကာပူဒေါ်လာ ၂၁.၉ ဘီလီယံရှိ

Last Updated:

“ဂျိုဟိုး - စင်ကာပူအထူးစီးပွားရေးဇုန်(Johor-Singapore SEZ)တွင် ၂၀၂၅ ခုနှစ်၊ ပထမ ၉ လ အတွင်းခွင့်ပြုပြီး ရင်းနှီးမြှုပ်နှံမှုပမာဏမှာ စင်ကာပူဒေါ်လာ ၂၁.၉ ဘီလီယံ(မလေးရှားရင်းဂစ် ၆၈ ဘီလီယံ)ရှိကြောင်း၊ ဂျိုဟိုးပြည်နယ်ရှိ စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၇၅ ရာခိုင်နှုန်းရှိကြောင်း” မလေးရှားနိုင်ငံ၏ ထိပ်ပိုင်းအဆင့်အရာရှိတစ်ဦးက The Business Times သတင်းဌာနကို ပြောကြားခဲ့ပါသည်။

အဆိုပါရင်းနှီးမြှုပ်နှံမှုပမာဏမှာ ၂၀၂၄ ခုနှစ် တစ်နှစ်လုံးရှိ ခွင့်ပြုရင်းနှီးမြှုပ်နှံမှုပမာဏမလေးရှားရင်းဂစ် ၄၈.၅ ဘီလီယံမှ သိသိသာသာတိုးတက်လာခြင်းဖြစ်ပါ သည်။ ၂၀၂၅ ခုနှစ်၊ ပထမ ၉ လအတွင်း အထူးစီးပွားရေးဇုန်တွင် ရင်းဂစ် ၇၃ ဘီလီယံရင်းနှီးမြှုပ်နှံရန် စုံစမ်းမေးမြန်းမှုများသည် မျှော်မှန်းထားသည်ထက် ပိုမိုကောင်းမွန်သည့်ရလဒ်များဖြစ်ပြီး ဖွံ့ဖြိုးမှုနှင့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတို့အတွက် အထူးစီးပွားရေးဇုန်၏ အခန်းကဏ္ဍကို ခိုင်မာစေပါသည်။

မလေးရှားစီးပွားရေးဝန်ကြီး Akmal Nasrullah Mohd Nasir က “ခွင့်ပြုရင်းနှီး မြှုပ်နှံမှုပမာဏထက် အစိုးရအဖွဲ့အစည်းများထံမှ စီမံကိန်းများကို ခွင့်ပြုချက်ချပေးခြင်းနှင့် ရင်းနှီးမြှုပ်နှံသူများက အကောင်အထည်ဖော်ခြင်းတို့ကို လျင်မြန်စွာဆောင်ရွက်နိုင်မှုသည် အခက်ဆုံးအပိုင်းဖြစ်ကြောင်း၊ ၂၀၂၆ ခုနှစ်သည် အထူးစီးပွားရေးဇုန်ရှိ စီမံကိန်းများကို အကောင်အထည်ဖော်ရမည့်နှစ်ဖြစ်ကြောင်း၊ ခွင့်ပြုပြီးရင်းနှီးမြှုပ်နှံမှုများကို မြေပြင်တွင် လျင်မြန်စွာအကောင်အထည်ဖော်နိုင်မှုသည် အဓိကကျကြောင်း၊ မလေးရှားစီးပွားရေးဖိုရမ်တွင် ၂၀၂၆ ခုနှစ်အတွက် မလေးရှားနိုင်ငံ၏ စီးပွားရေးဆိုင်ရာလမ်းညွှန်ချက်များကို ထုတ်ပြန်ရန်ရှိပြီး အထူးစီးပွားရေးဇုန်အတွက်ဆွဲဆောင်လိုသည့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများပါဝင်လာမည်ဖြစ်ကြောင်း” ပြောကြားခဲ့ပါသည်။

JS-SEZ ၏ အဓိကမျှော်မှန်းချက်မှာ ဂျိုဟိုးပြည်နယ်ကို မလေးရှားနိုင်ငံ၏ တတိယအကြီးဆုံး တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်ရာ ပြည်နယ်ဖြစ်စေရန်ဖြစ်ပါသည်။ မကြာသေးမီက ဂျိုဟိုးပြည်နယ်တွင် ဒီဂျစ်တယ်အခြေခံအဆောက်အအုံ၊ AI နှင့် အဆင့်မြင့်ကုန်ထုတ်လုပ်ငန်းများအတွက် အထောက်အပံ့ပေးနိုင်သည့် ဒေတာစင်တာများရင်းနှီးမြှုပ်နှံရန် ဆွဲဆောင်နိုင်ခဲ့ပြီး အဆိုပါရင်းနှီးမြှုပ်နှံမှုသည် မလေးရှား နိုင်ငံသားများအတွက်အဆင့်မြင့်အလုပ်အကိုင်များရရှိနိုင်ရန်မျှော်မှန်းထားကြောင်း၊ မလေးရှားအာဏာပိုင်များသည် လုပ်ငန်းကဏ္ဍအမျိုးမျိုးတွင် အထောက်အပံ့ပေးနိုင်ပြီး ပိုမိုတိုးတက်နိုင်စေမည့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများကို အလေးပေးလျက်ရှိကြောင်း၊ အောင်မြင်မှုအရှိန်ထက် လိုက်လျောညီထွေဖြစ်မှု၊ မူဝါဒမျာအချိတ် အဆက်ရှိမှု၊ အဖွဲ့အစည်းဆိုင်ရာတည်ငြိမ်မှုနှင့် ရေရှည်တည်တံ့သည့် ရင်းနှီးမြှုပ်နှံ မှုတို့သည် အောင်မြင်မှုကို ပိုမိုရရှိစေမည်ဖြစ်ကြောင်း” မလေးရှားစီးပွားရေးဝန်ကြီး Akmal Nasrullah Mohd Nasir ကပြောကြားခဲ့ပါသည်။ 

ရင်းမြစ်။        The Business Times

(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)

Category: International News