International News

အိန္ဒိယအစိုးရမှ ကြက်သွန်နီတင်ပို့မှုအပေါ် ၂၀ ရာခိုင်နှုန်းအကောက်ခွန်ကို ရုပ်သိမ်းမည်ဟု စိုက်ပျိုးရေးဝန်ကြီးပြောကြား

Last Updated:

၂၀၂၅ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှစတင်၍ ကြက်သွန်နီတင်ပို့မှုအပေါ် ၂၀ ရာခိုင်နှုန်း အကောက်ခွန်ကို ရုပ်သိမ်းမည်ဖြစ်ကြောင်း အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးရှိဗ်ရာ့ဂျ်ဆင်းဂ်ချိုဟန်(Shivraj Singh Chouhan)က ယခုလ ၂၄ ရက်(တနင်္လာနေ့)တွင် ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါဆုံးဖြတ်ချက်သည် လယ်သမားများ၏ဝင်ငွေကို တိုးတက်စေမည်ဟု ၎င်းက ပြောကြားခဲ့သည်။ 

"ကျွန်တော်တို့၏ လယ်သမားများကြိုးစားအားထုတ်၍ စိုက်ပျိုးထားသော ကြက်သွန်နီများ ကမ္ဘာ့ဈေးကွက်သို့ ရောက်ရှိပြီး ပိုမိုကောင်းမွန်သောဈေးနှုန်းနှင့် အကျိုးအမြတ်ရရှိစေရန် ကြက်သွန်နီတင်ပို့မှုအပေါ် အကောက်ခွန်ကင်းလွတ်ခွင့်ပြုပါတယ်"ဟု ဝန်ကြီးချိုဟန်က ရုပ်သံသတင်းထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့သည်။ 

ဝန်ကြီးက ယခင်က ကြက်သွန်နီတင်ပို့မှုအတွက် အကောက်ခွန်ကို ၄၀ ရာခိုင်နှုန်းအထိသတ်မှတ်ထားသော်လည်း ကြက်သွန်နီဈေးနှုန်းများကျဆင်းလာပြီး လယ်သမားများ၏ အကျိုးအမြတ်နည်းပါးလာချိန်တွင် ၎င်းအား ၂၀ ရာခိုင်နှုန်းအထိလျှော့ချခဲ့ကြောင်း ရှင်းပြခဲ့သည်။ 

"ယခုအခါ အစိုးရအနေဖြင့် ၂၀ ရာခိုင်နှုန်းအကောက်ခွန်ကိုပါ အပြီးအပိုင်ရုပ်သိမ်းရန်ဆုံးဖြတ်ခဲ့ပါသည်" ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ 

အိန္ဒိယဘဏ္ဍာရေးဝန်ကြီးဌာနမှ ပြီးခဲ့သည့်သီတင်းပတ်က ထုတ်ပြန်ခဲ့သောအမိန့်ကြော်ငြာစာအရ အဆိုပါအကောက်ခွန်ရုပ်သိမ်းမှုသည် ဧပြီ ၁ ရက်မှစတင်၍ အကျိုးသက်ရောက်မည်ဖြစ်သည်။ 

ဝန်ကြီးချိုဟန်က နရိန္ဒရာမိုဒီအစိုးရသည်"လယ်သမားများနှင့်သဟဇာတဖြစ်သော" အစိုးရဖြစ်ပြီး လယ်သမားများအား အကျိုးအမြတ်ဖြစ်ထွန်းစေရေးမှာ ၎င်း၏ "ဦးစားပေးလုပ်ငန်းစဉ်နှင့် ကတိကဝတ်" ဖြစ်ကြောင်း ပြောကြားခဲ့သည်။  အဆိုပါအကောက်ခွန်ရုပ်သိမ်းမှုသည် ပြည်တွင်းလယ်သမားများအား ကြက်သွန်နီဈေးနှုန်းများအလွန်အမင်းကျဆင်းမှုအန္တရာယ်မှ ကာကွယ်ရန်ရည်ရွယ်ကြောင်း သိရသည်။

သို့ပါ၍ အိန္ဒိယအစိုးရဘဏ္ဍာရေးဝန်ကြီးဌာနမှ ၂၂-၃-၂၀၂၅ရက်စွဲဖြင့်ထုတ်ပြန်သော အမိန့်ကြော်ငြာစာအမှတ်၊ ၁၉/၂၀၂၅ အကောက်ခွန်အရ ဧပြီလ ၁ ရက်နေ့မှစတင် ၍ ကြက်သွန်နီအပေါ်ကောက်ခံလျက်ရှိသောပို့ကုန်ခွန် ၂၀ ရာခိုင်နှုန်းအား ရုပ်သိမ်း ဖယ်ရှားလိုက်ကြောင်းနှင့် ယင်းသို့ဆောင်ရွက်ခဲ့သည့်အတွက် အိန္ဒိယကြက်သွန်နီတောင်သူများအကျိုးအမြတ်ရရှိပြီး၊ အိန္ဒိယနိုင်ငံမှ ကြက်သွန်နီတင်ပို့မှုများ တိုးမြင့်လာဖွယ်ရှိပါသည်။

Source:         The Hindu Businessline, Government withdraws 20% export duty on onion to boost farmers' income: Agriculture Minister, March 24, 2025

(ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: International News