ဝါဂွမ်းကုန်ကြမ်းတင်သွင်းမှုအပေါ် ကောက်ခံထားသည့် အကောက်ခွန် ၁၁ ရာခိုင်နှုန်းကို ဖယ်ရှားပေးနိုင်ခြင်းရှိ၊ မရှိနှင့်စပ်လျဉ်း၍ အစိုးရအနေဖြင့် အဆင့်မြင့်ဆွေးနွေးညှိနှိုင်းမှုများပြုလုပ် ဆောင်ရွက်နေပြီး မကြာမီဆုံးဖြတ်ချက်ထွက်ပေါ်လာရန် မျှော်လင့်ရကြောင်း အဆင့်မြင့်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
အထည်အလိပ်လုပ်ငန်းရှင်များကဈေးနှုန်းမြင့်တက်မှုကြောင့် ပြည်တွင်း ကုမ္ပဏီများအပေါ် ကျရောက်နေသည့် ကုန်ကျစရိတ်ဖိအားများကို လျှော့ချနိုင်ရန် အဆိုပါအခွန်ကို ဖယ်ရှားပေးရန် တောင်းဆိုထားရှိမှုများနှင့်စပ်လျဉ်း၍ ဘဏ္ဍာရေး၊ အထည်အလိပ်နှင့် စိုက်ပျိုးရေးဝန်ကြီးဌာနများ အပါအဝင် ဝန်ကြီးဌာနအသီးသီးက အဆိုပါအခွန်ကိစ္စကို ဆွေးနွေးတိုင်ပင်လျက်ရှိပါသည်။
ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် စိုက်ပျိုးရေးဝန်ကြီးဌာနတို့အနေဖြင့် မကြာမီ အဆိုပါဆွေးနွေး ညှိနှိုင်းမှုများကို အပြီးသတ်နိုင်မည်ဟု မျှော်လင့်ပါကြောင်း အရာရှိတစ်ဦးက Press Trust of India (PTI)သတင်းဌာနသို့ ပြောကြားခဲ့ပါသည်။
အဝတ်အထည်လုပ်ငန်းကိုယ်စားလှယ်များနှင့် ပို့ကုန်လုပ်ငန်းရှင်များပါဝင်သော ကိုယ်စားလှယ်အဖွဲ့သည် မကြာသေးမီက ဒုတိယသမ္မတ C P Radhakrishnan၊ ပြည်ထောင်စုဝန်ကြီးများနှင့် တွေ့ဆုံဆွေးနွေးကာ အဆိုပါအခွန်ကို ဖယ်ရှားပေးရန် တောင်းဆိုခဲ့ကြပါသည်။
ယခုနှစ်အတွက် အထည်အလိပ်လုပ်ငန်း၏ဝါဂွမ်းလိုအပ်ချက်မှာ ဘေလ် (bales) ၃၃၇ သိန်းခန့်ရှိမည်ဟု ခန့်မှန်းထားသော်လည်း၊ ၂၀၂၅-၂၆ ရာသီအတွက် ဝါဂွမ်းဝင်ရောက်မှုမှာ ဘေလ် ၂၉၂.၁၅ သိန်းသာရှိမည်ဟု ခန့်မှန်းထားသောကြောင့် ဘေလ် ၄၅ သိန်းခန့်လိုအပ်ချက်ရှိနေကြောင်း အဆိုပါကိုယ်စားလှယ်အဖွဲ့က တင်ပြခဲ့ပါသည်။
အရည်အသွေးမြင့် ကုန်ကြမ်းရရှိမှု အကန့်အသတ်ရှိခြင်းနှင့် သွင်းအားစုစရိတ်များမြင့်တက်လာခြင်းတို့ကြောင့်အဆိုပါပြတ်လပ်မှုသည် ချည်ငင် စက်ရုံများနှင့် နောက်ဆက်တွဲအထည်အလိပ်ထုတ်လုပ်သူများအပေါ် ဖိအားများကျရောက်စေကြောင်း ၎င်းတို့က တင်ပြထားပါသည်။
Source: Govt in 'advanced stage of consultation' on industry's demand for cotton import duty removal: The Economic Times: May 24, 2026.
(လွင်ကိုကိုမောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)