အီဂျစ်သတ္တုရင်းမြစ်နှင့် သတ္တုတူးဖော်ရေးလုပ်ငန်းအာဏာပိုင် (Egyptian Mineral Resources and Mining Industries Authority-MRMIA)နှင့် တရုတ်နိုင်ငံအခြေစိုက် Asia-Potash International Investment(Guangzhou) Co., Ltd. တို့သည် ဖော့စဖိတ်တူးဖော်ရေး (phosphate exploration)နှင့် တန်ဖိုးမြှင့်စက်မှုလုပ်ငန်းဆိုင်ရာ နားလည်မှုစာချွန်လက်မှတ်(MoU)ကို ၂၀၂၅ ခုနှစ် ဇူလိုင် ၁၈ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။
အဆိုပါသဘောတူညီချက်သည် ဖော့စဖိတ်သတ္တုရှာဖွေရေး၊ အရည် အသွေးအကဲဖြတ်ရေးနှင့် အရေးပါသောသယံဇာတ၏ တန်ဖိုးမြှင့်ထုတ် ကုန်များဖွံ့ဖြိုးရေးတို့အတွက် ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ရန်ရည်ရွယ်ကြောင်း အီဂျစ်ရေနံနှင့်သတ္တုတွင်းဝန်ကြီးဌာန(Egypt's Ministry of Petroleum and Mineral Resources)က ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
လက်မှတ်ရေးထိုးခြင်းအခမ်းအနားအပြီးတွင် အီဂျစ်ရေနံနှင့်သတ္တုတွင်းဝန်ကြီးဌာန၊ ဝန်ကြီး Karim Badawi က ယင်းသဘောတူညီချက်သည် အီဂျစ်နိုင်ငံ၏ သတ္တုတွင်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ကြီး ဌာန၏ မျှော်မှန်းချက်နှင့်ကိုက်ညီကြောင်း၊ယခုအခါ အီဂျစ်၏ GDP တွင် ၁% အောက်သာ ပါဝင်နေသော သတ္တုတွင်းအခန်းကဏ္ဍကို GDP တွင် ပါဝင်မှု ၅% မှ ၆% အထိမြှင့်တက်လာမည်ဟု မျှော်မှန်းထားကြောင်း ပြောကြားခဲ့သည်။
အဆိုပါ MoU တွင် အဓိကအားဖြင့် ဖော့စဖိတ်သတ္တုထွက်ရှိမှုအား သိပ္ပံ နည်းကျစူးစမ်းလေ့လာခြင်းနှင့် ဖော့စဖိတ်မြေသြဇာထုတ်လုပ်သည့် ခေတ်မီစက်ရုံတစ်ရုံတည်ဆောက်နိုင်ရန် စီးပွားဖြစ်ဖြစ်နိုင်မှုအခြေအနေ ကိုလေ့လာခြင်းအတွက် ပူးပေါင်းဆောင်ရွက်သွားရန် ရည်ရွယ်ဖော်ပြထားသည်။
ဤသဘောတူညီချက်သည် အီဂျစ်နိုင်ငံ၏ ဘက်စုံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာမြောက်တစ်စိတ်တစ်ပိုင်းဖြစ်ပြီး တရုတ်နိုင်ငံ၏ အာဖရိကရှိ သတ္တုတွင်းလုပ်ငန်းတွင် ပါဝင်မှုကို ပိုမိုအားကောင်းစေမည်ဖြစ်သည်။ အီဂျစ်၏ မဖော်ထုတ်ရသေးသော ဓာတ်သတ္တုများကို နည်းပညာ၊ အတွေ့အကြုံနှင့် ရင်းနှီးမြှုပ်နှံမှုများဖြင့် အသုံးချတူးဖော်ထုတ်လုပ်သွားရန် တရုတ်က ပံ့ပိုးပေးမည်ဖြစ်သည်။
အရင်းမြစ်။ https://en.people.cn/n3/2025/0719/c90000-20342485.html
(လျန်ရှန်းမုန်၊ စီးပွားရေးသံမှူး၊ ကူမင်းမြို့)