ယူကေနိုင်ငံနှင့် လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက်(FTA)သည် အိန္ဒိယနိုင်ငံ၏ ပင်လယ်ထွက်ကုန်တင်ပို့သူများအား ၎င်းတို့၏ဈေးကွက်ဝေစုကို ပြန်လည်တိုးတက်စေရန်နှင့် အမေရိကန်ပြည်ထောင်စုတွင် အကောက်ခွန်အငြင်းပွားမှုများကြောင့် ရင်ဆိုင်နေရသော မသေချာမှုများကို ကျော်လွှားနိုင်ရန် အထောက်အကူပြုမည်ဟု မျှော်မှန်းထားကြောင်း သိရသည်။
အဆိုပါလွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက်သည် ယူကေနိုင်ငံသို့ အိန္ဒိယ ၏ပင်လယ်ထွက်ကုန်တင်ပို့မှုများလျော့နည်းလာသည့်အလေ့အထကို ရပ်တန့်စေပြီး ပြန်လည်တိုးတက်လာစေရန် အထောက်အကူပြုမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ်များအတွင်း အိန္ဒိယနိုင်ငံ၏ ပင်လယ်ထွက်ကုန်တင်ပို့မှုများသည် အခြားနိုင်ငံများ၏ ပြိုင်ဆိုင်မှုကြောင့် ပုံမှန်လျော့နည်းလာခဲ့ကြောင်းတွေ့ရှိရသည်။ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁၈၀ ဒသမ ၅၇ သန်းအထိမြင့်တက်ခဲ့သော အိန္ဒိယ၏ ပင်လယ်ထွက်ကုန်တင်ပို့မှုများသည် ၂၀၂၀-၂၁ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁၁၈ ဒသမ ၃၂ သန်းအထိကျဆင်းခဲ့ပြီး၊ နောက်တစ်နှစ်တွင် အမေရိကန်ဒေါ်လာ ၁၅၄ ဒသမ ၇၀ သန်းအထိပြန်လည်တက်လာခဲ့သော် လည်း၊ ပြီးခဲ့သည့်သုံးနှစ်အတွင်း တန်ဖိုးအရ ပုံမှန်လျော့နည်းလာကာ ၂၀၂၄-၂၅ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁၀၄ ဒသမ ၁၀ သန်းအထိကျဆင်းခဲ့ကြောင်း တွေ့ရှိရသည်။ အိန္ဒိယနိုင်ငံ၏ ယူကေနိုင်ငံသို့တင်ပို့သည့် စုစုပေါင်းတင်ပို့ကုန်၏ တစ်ရာခိုင်နှုန်းကျော်ခန့်သာ ပင်လယ်ထွက်ကုန်တင်ပို့မှုများဖြစ်ကြောင်း သိရသည်။
"အိန္ဒိယနိုင်ငံနှင့်ယူကေနိုင်ငံအကြား မကြာသေးမီကချုပ်ဆိုပြီးစီးခဲ့သော လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက်(FTA)သည် အိန္ဒိယနိုင်ငံ၏ပုဇွန်တင်ပို့မှုများအတွက် အချိန်ကိုက်နှင့် မဟာဗျူဟာကျသော အခွင့်အလမ်းတစ်ရပ်အဖြစ် ပေါ်ထွက်လာခဲ့ပြီး၊ အမေရိကန်ပြည်ထောင်စုမှ ပြန်လည်ကျင့်သုံးသည့်အကောက် ခွန်များကြောင့် အိန္ဒိယနိုင်ငံ၏ အဓိကပင်လယ်စာဈေးကွက်တစ်ခုသို့ ဝင်ရောက်ခွင့်ကန့်သတ်ခံရနိုင်သည်ဟူသော အစောပိုင်းစိုးရိမ်မှုများကြားတွင် ဤသဘောတူညီချက်သည် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လာခဲ့ကြောင်း" CLFMA ၏ဥက္ကဋ္ဌ Divya Kumar Gulati က ပြောကြားခဲ့သည်။
ပုဇွန်အစာထုတ်ကုန်များ ထုတ်လုပ်သူလည်းဖြစ်သော Gulati က "အိန္ဒိယ-ယူကေ လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက်သည် ယူကေနိုင်ငံသို့ဝင်ရောက်သည့် ပင်လယ်စာထုတ်ကုန်များအပေါ် အကောက်ခွန်များကို သိသိသာသာ လျှော့ချပေးခြင်း သို့မဟုတ် ဖယ်ရှားပေးခြင်းဖြင့် အိန္ဒိယနိုင်ငံ၏ ပုဇွန်တင်ပို့သူများအတွက် လမ်းကြောင်းသစ်များဖွင့်လှစ်ပေးမည်ဟု ကတိပြုထားကြောင်း၊ ဤဖွံ့ဖြိုး တိုးတက်မှုသည် တင်ပို့မှုပမာဏကို မြှင့်တင်ပေးပြီး ကျေးလက်ဒေသလူမှုဘဝနှင့် နိုင်ငံခြားငွေရရှိမှုအတွက် အဓိကအထောက်အကူပြုသည့် အိန္ဒိယနိုင်ငံ၏ ရေထွက် ပစ္စည်းလုပ်ငန်းကို အရေးပါသောတွန်းအားပေးမည်ဖြစ်ကြောင်း"ပြောကြားခဲ့သည်။
"ဗြိတိသျှစားသုံးသူများအတွက် အထင်ရှားဆုံးသောရလဒ်တစ်ခုမှာ အိန္ဒိယနိုင်ငံမှ ထုတ်လုပ်ပြီးတင်ပို့သည့် အဓိကပုဇွန်မျိုးစိတ်ဖြစ်သော ရေခဲရိုက်ထားသော Black Tiger ပုဇွန်ကြီးများ၏ ဈေးနှုန်းများကျဆင်းလာနိုင်ကြောင်း၊ ဈေးကွက်ဝင်ရောက်ခွင့်ပိုမိုကောင်းမွန်လာခြင်းနှင့် ကုန်သွယ်ရေးသဘောတူညီချက်၏ စည်းကမ်းသစ်များအောက်တွင် ဈေးနှုန်းပိုမိုယှဉ်ပြိုင်နိုင်မှုတို့ကြောင့် အိန္ဒိယတင်ပို့သူများသည် ယူကေနိုင်ငံ၏လက်လီဈေးကွက်တွင် ၎င်းတို့၏လက်ရှိအမှတ်တံဆိပ်ကို ပိုမိုချဲ့ထွင်နိုင်ရန်အသင့်ဖြစ်နေပြီဖြစ်ကြောင်း၊ ရလဒ်အနေဖြင့် ဗြိတိန်နိုင်ငံတစ်ဝှမ်းရှိ စူပါမားကတ်များသည် မကြာမီပိုမိုဈေးသက်သာသည့် ရေခဲရိုက်ထားသော ပုဇွန်ကြီးများကို ပိုမိုရောင်းချနိုင်မည်ဖြစ်ပြီး၊ စားသုံးသူများအတွက် ပိုမိုတန်ဖိုးရှိသော ရွေးချယ်စရာများကို ပေးစွမ်းနိုင်မည့်အပြင် အိန္ဒိယနိုင်ငံ၏ကမ္ဘာ့ဦးဆောင် ပင်လယ်စာထုတ်လုပ်သူအဖြစ် ရပ်တည်မှုကို ပိုမိုခိုင်မာစေမည်ဖြစ်ကြောင်း" Gulati က ထပ်လောင်း ပြောကြားခဲ့သည်။
Source: The Hindu Businessline, UK FTA may help Indian marine produce exporters regain market, expand footprint, May 8, 2025.
(ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး၊ ကော်ကတ္တားမြို့)