International News

အိန္ဒိယတွင် မီးဖိုချောင်သုံးအခြေခံစား‌သောက်ကုန်ဈေးနှုန်းများကြီးမြင့်မှုသည် အိမ်အသုံးစရိတ်များကို သက်ရောက်မှုရှိ

Last Updated:

၂၀၂၃ ခုနှစ်တွင် မိုးရွာသွန်းမှုနည်းပါးမှုကြောင့် အိန္ဒိယနိုင်ငံ၏ပြည်တွင်းစိုက်ပျိုးရေးထုတ်ကုန်များထွက်ရှိမှုကျဆင်းခဲ့သဖြင့် မီးဖိုချောင်သုံးပဲမျိုးစုံ၊ ဂျုံနှင့် သကြားကဲ့သို့သော အဓိကစားသောက်ကုန်များ၏ဈေးနှုန်းများမှာ  မေလတွင် ဆက်တိုက်မြင့်တက်ခဲ့ကြောင်း၊ နိုင်ငံတကာဈေးကွက်တွင်လည်း ကုလားပဲ၊ မတ်ပဲနှင့်ပဲစင်းငုံများရရှိနိုင်မှုကန့်သတ်ချက်များကြောင့် တင်သွင်းမှုများနှောင့်နှေးပြီး ဈေးနှုန်းများကြီးမြင့်ခဲ့သကဲ့သို့ သကြားနှင့်ဂျုံဈေးနှုန်းမှာလည်း အရန်သိုလှောင်ထားရှိမှုလုံလောက်မှုမရှိဘဲ လျော့နည်းနေသဖြင့် ဈေးနှုန်းမှာ အမြင့်တန်းတွင်ရှိနေကြောင်း သိရှိရသည်။

ပဲစင်းငုံသည် လွန်ခဲ့သည့်လများစွာကတည်းက လက်လီဈေးကွက်တွင် ၁ ကီလိုဂရမ်လျှင် ၂၀၀ ရူပီးဖြင့် ရောင်းချ နေခဲ့ကြောင်း၊ ယခုအခါ နိုင်ငံတွင်း ကုလားပဲစားသောက်ကုန်အဓိကထုတ်လုပ်ရာမြို့များဖြစ်သည့် Indore နှင့် Akola တို့တွင် ကုလားပဲခွဲခြမ်းဈေးနှုန်းများမှာ ၁ ကီလိုဂရမ်လျှင် ၉၃ ရူပီးနှင့် ၈၆ ရူပီးအသီးသီးရှိသဖြင့် ကုလားပဲလက်လီဈေးနှုန်းမှာလည်း ၁ ကီလိုဂရမ်လျှင် ၁၀၀ ရူပီး အထက်တွင်ရှိကြောင်း သိရှိရသည်။

ပြည်တွင်းဈေးကွက်တွင် ပြုပြင်ထားခြင်းမရှိသေးသည့် ကုလားပဲဈေးသည် သုံးပတ်ဆက်တိုက် မြင့်တက်လျက်ရှိကြောင်း၊ ၎င်းတို့သည် တစ်ပတ်လျှင် 5% ခန့်တက်လာပြီး တစ်လအတွင်းတွင် 10% ကျော်တက်သွားကြောင်း အိန္ဒိယပဲမျိုးစုံနှင့် ကောက်ပဲသီးနှံအသင်းမှ ပြုစုထားသော အချက်အလက်များအရ သိရှိရသည်။

ကုလားပဲထွက်ရှိမှုကျဆင်းမည်ဟူသော ခန့်မှန်းချက်ကြောင့် ပဲဝယ်လိုအားမြင့်တက်ပြီး ဈေးနှုန်းများထပ်တက်လာမည်ဟု လယ်သမားများနှင့် ကုန်သည်များကမျှော်လင့်၍ သိုလှောင်ထားသောကြောင့်  ကုလားပဲဈေးနှုန်းများတက်သွားခြင်းဖြစ်သည်ဟု Maharashtra ပြည်နယ်မှ ကုန်သည်တစ်ဦးက ပြောကြားထားသည်။

အိန္ဒိယနိုင်ငံသည် မေလ ၇ ရက်နေ့တွင် ကုလားပဲတင်သွင်းရာတွင် ကောက်ခံသည့်အခွန်ကို ဖယ်ရှားပြီးနောက် သြစတြေးလျနိုင်ငံမှ ကုလားပဲတန်ချိန် ၅၈,၀၀၀ ကို တင်သွင်းခဲ့ကြောင်း၊  သို့ရာတွင် ကုန်သွယ်မှုခန့်မှန်းချက်များအရ နိုင်ငံတကာဈေးကွက်တွင် ကုလားပဲရရှိနိုင်မှုနည်းပါးနေပြီး မိုးရာသီကုလားပဲမှုန့်ဝယ်လိုအားမြင့်တက်နေသောကြောင့် စားသုံးသူများအနေဖြင့် ကုလားပဲဈေးနှုန်းကြီးမြင့်မှုမှများစွာသက်သာရာရနိုင်ဖွယ်မရှိကြောင်းသိရှိရသည်။

Maharashtra ပြည်နယ်ရှိ သကြားစက်များတွင် ပြီးခဲ့သောတစ်လအတွင်း ဝယ်လိုအားမြင့်တက်ခဲ့သဖြင့်  တစ်ကွင်တယ်(quintal - ၁၀၀ ကီလိုဂရမ်)လျှင် ၁၀၀ ရူပီးမြင့်တက်ခဲ့ပြီး  3600 ရူပီးပတ်ဝန်းကျင်သို့ ရောက်ရှိခဲ့ကြောင်း၊ နိုင်ငံတွင်းပြင်းထန်သည့် အပူလှိုင်းအခြေအနေကြောင့် သကြားဝယ်လိုအားမှာလည်း အားကောင်းနေကြောင်းနှင့် သကြားဈေးနှုန်းများသည် လာမည့်လများအတွင်း တည်ငြိမ်နေမည်ဟု မျှော်လင့်ကြောင်း  Maharashtra မှ သကြားပွဲစား Abhijit Ghorpade က ပြောကြားထားကြောင်း  သိရှိရသည်။

ဂျုံဈေးသည် လွန်ခဲ့သော 15 ရက် 20 ရက်အတွင်း 4 %  မှ 5% အထိမြင့်တက်ခဲ့ကြောင်း၊ ယင်းကြောင့် ဒေဝါလီပွဲတော်ပြီးနောက် ဂျုံထွက်ရှိမှုနည်းပါးသည့်အချိန်တွင် ဈေးကွက်အတွင်း ဂျုံပြတ်လပ်မှုမှ ကာကွယ်ရန်အတွက် ပြည်ပမှ ဂျုံတင်သွင်းခွင့်ပြုရန် စားသောက်ကုန်လုပ်ငန်းများမှ တောင်းဆိုထားကြောင်း သိရှိရသည်။

Source: Pricier kitchen staples upset home budgets, The Economic Times, May 28, 2024.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: International News